Friday, December 2, 2011

နတ်မိမယ်တစ်ပါးနှင့် တွေ့ဆုံခြင်း

ခေါင်းစဉ်ကို နတ်မိမယ်နဲ့ တွေ့ဆုံတယ်ဆိုလို့ မျက်လုံးပြူးသွားတာတို့၊ မိတ်ဆက်ခိုင်းဖို့ ကြိုးစားတာတို့ မလုပ်လိုက်နဲ့ဦးနော်။ ကျွန်မပြောမယ့် နတ်မိမယ်ဆိုတာ နတ်မဟုတ်ဘူး။ ဆော့ဖ်ဝဲကိုပြောတာ။ ဒီလိုပြောလိုက်လို့ နားရှုပ်သွားပြီလား။ ဟဲဟဲ ခေါင်းလည်းကုပ်မနေပါနဲ့။ အောက်မှာရေးထားတာတွေ ကိုလည်း ဖတ်ကြည့်လိုက်ပါအုံး။ ချက်တင်ထက် ဆွဲဆောင်မှု ပေးနိုင်မှာပါ။ သူက အသည်းလည်း ခွဲတတ်ဖူးလေ။ ပျော်ရွှင်စရာချည်းပဲ ပေးမှာပါ။

ဖိုတိုရှော့နဲ့ ပတ်သတ်တာတွေကို ပုံမှန်ပို့စ်အနေနဲ့ တင်ဖို့ ကြိုးစားတာ တော်တော်ကြာပါပြီ။ ကိုယ်ကိုတိုင်လည်း လေ့လာပြီးသားဖြစ် သူငယ်ချင်းတွေ အနေနဲ့လည်း မသိတာလေးတွေ ရှိရင် မှတ်သားသွားလို့ ရအောင်ပေါ့။ သိပြီးသား သူငယ်ချင်းတွေ ကတော့ ကျေးဇူးပြုပြီး ကျော်သွားပေါ့။ အဲပထမဆုံး ပြောလိုတာက ဒီဖိုတိုရှော့ လေ့ကျင့်ခန်းတွေက အွန်လိုင်းမှာ နိုင်ငံခြားက ပညာရှင်တွေ တင်ပေးထားတာပါ။ ကျွန်မက အင်္ဂလိပ်လိုက ဘာသာပြန်ပေးထားပြီး သူငယ်ချင်းတွေ စမ်းသပ်ကြည့်တဲ့အခါ အဆင်ပြေအောင် ပုံတွေကို အလှုပ်လုပ်ပေးရုံပါပဲ။ တစ်ခုခု အမှားအယွင်း ပါခဲ့ရင် ကျွန်မရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကိုသာ ပိုပြီး အားရတဲ့ သူငယ်ချင်းတွေ အတွက်ကတော့ လင့်ခ်အနေနဲ့ ပေးထားမှာပါ။ ကိုယ်တိုင် သွားကြည့်လို့ရအောင်ပါ။

ဖိုတိုရှော့ သင်ခန်းစာတွေ မစတင်ခင် ပထမဆုံး အပိုင်းမှာတော့ ဖိုတိုရှော့ ဆော့ဖ်ဝဲနဲ့ ပတ်သက်ပြီး သူ့ သမိုင်းကြောင်းလေးကို ပြောပြချင်ပါတယ်။ နိုင်ငံတစ်ခု အလည်အပတ် မသွားခင် ဒီနိုင်ငံရဲ့ သမိုင်းကြောင်းတွေ အထင်ကရ နေရာတွေကို သိထားတော့ ဗဟုသုတ ရသလို အချိန်ကုန်လည်း သက်သာတာပေါ့။ ဖိုတိုရှော့ဟာ မြန်မာနိုင်ငံမှာတော့ ကွန်ပျူတာ သုံးစွဲသူတိုင်း သိထားကြတဲ့ နာမည်ကြီး ဆော့ဖ်ဝဲတစ်ခုပါ။ ဓါတ်ပုံတွေကို ပြင်ဆင်တာလောက်သာ လူသိများနေပေမယ့် ဖိုတိုရှော့နဲ့ပဲ ပုံတွေ ဆွဲလို့ရပါတယ်။ ပုံဆိုတာလည်း 2D ရော 3D ပါ ဆွဲလို့ရပါတယ်။ စာသားဒီဇိုင်းတွေလည်း ဆွဲလို့ရပါသေးတယ်။ ဓါတ်ပုံထဲကိုလည်း အမျိုးမျိုးသော အကျိုးသက်ရောက်မှုတွေ ထည့်သွင်းလို့ရပါတယ်။ ဒီထက် ထူးထွေဆန်းပြားတာတွေလည်း ရှိပါတယ်။ ကျွန်မကတော့ ဖိုတိုရှော့ကို နတ်မိမယ်လေး တစ်ပါးနဲ့ တူတယ်လို့ တင်စားလိုက်ချင်ပါတယ်။ ဘာလိုလို နတ်မိမယ်လေးက ဖန်ဆင်းပေးနိုင်သလို ဖိုတိုရှော့ကလည်း ဒီဇိုင်းနဲ့ ပတ်သက်လာရင် အံ့မခန်း အစွမ်းတွေ ရှိနေလို့ပါပဲ။ (အဲ လိုရင်း တောင် မရောက်တော့ဘူး)

ဖိုတိုရှော့ရဲ့ သက်တမ်းကနေ စတင်မိတ်ဆက်ရမယ် ဆိုရင်တော့ 24 နှစ်ရှိ့ပါပြီ။ သူ့ကို စတင်မွေးဖွားပေးခဲ့တာတော့ Michigan တက္ကသိုလ်က Ph.D ကျောင်းသား Thomas Knoll က သူ့ရဲ့ Macintosh II နဲ့ ရေးဆွဲခဲ့တဲ့ Display ဆိုတဲ့ Program ကနေ အစပြုခဲ့တာပါ။ သူရေးဆွဲခဲ့တဲ့ ဒီ Program ဟာ ကောင်းမွန်လွန်းတာကြောင့် သူ့အကို John Knoll သိသွားတဲ့ အခါ ဆက်လက်ပြီး ကြိုးစားစေချင်ကြောင်းနဲ့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ Program မျိုး ဆက်လက်ရေးသားရန် တိုက်တွန်းခဲ့ပါတယ်။ အားတက်သွားတဲ့ Thomas ဟာ 1988 ခုနှစ်မှတော့ စာသင်ယူမှုကို 6လတာ အနားယူပြီး သူ့အကိုနဲ့ အတူ ဆက်လက်တီထွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီရေးသားမှု တွေရဲ့ အဆုံး ရရှိလာတဲ့ Program ကိုတော့ ImagePro လို့ အမည်ပြောင်းလဲ သတ်မှတ်ပေး ခဲ့ပါတယ်။ တစ်နှစ်ကြာအပြီးမှာတော့ Photoshop လို့ အမည်ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။ scanner တွေ ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိတဲ့ Barneyscan က ဖိုတိုရှော့ရဲ့ အစွမ်းသတ္တိ ကို သဘောကျကာ သူထုတ်လုပ်တဲ့ scanner သုံးစွဲသူတိုင်း Photoshop ကို အသုံးပြုလို့ ရအောင် slide-scanner အဖြစ် ထုတ်လုပ်ကာဒီ program ကို မိတ္တူပွားပေးခဲ့ရာမှာ အချပ်ရေ 200 ထိ ပွားပေးခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ အကိုဖြစ်သူ John က Sillicon Valley ကို သွားရောက်ကာ Apple နှင့် Russell Brown က အင်ဂျင်နီယာများနဲ့ Adobe က Art Director တို့ဆီမှာ Photoshop နဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးမှုများ အားလုံး အောင်မြင်ရုံသာမက Adobe ကုမ္ပဏီက License version အဖြစ် သတ်မှတ်ကာ ရောင်းချရန် 1988 ခုနှစ် စက်တင်ဘာလမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် Macintosh အတွက် ရည်ရွယ်ကာ Photoshop 1.0 ကို 1990 ခုနှစ်မှာ ခမ်းနားကြီးကျယ်စွာဖြင့် စတင်ရောင်းချခဲ့ ပါတယ်။ Photoshop ကိုလည်း အခြားသော Adobe ရဲ့ ဆော့ဖ်ဝဲများနှင့်လည်း ပူးတွဲရောင်းချခဲ့ပါတယ်။

Photoshop ကို 2003 မှစတင်ကာ Photoshop version 8 အဖြစ် ထွက်ရှိရမည့် အစား Creative Suite အဖြစ်သာ ထွက်ရှိလာပါတယ်။ ထိုနောက်ပိုင်း ထွက်ရှိလာသော Photoshop များကိုလည်း CS2, CS 3, CS4, CS 5 တို့ အနေဖြင့်သာ ထွက်ရှိခဲ့ပါတယ်။ 12ခုမြေက် version ဖြစ်တဲ့ Photoshop ကတော့ CS 5 အပြင် Extended ကိုပါ ပူးတွဲ ထုတ်လုပ်ခဲ့ပါတယ်။ Extended ကတော့ သာလွန်ကောင်းမွန်တဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်တဲ့။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်တော့ ကျွန်မ အရင်းနှီး အကျွမ်းဝင်ဆုံးကတော့ CS2 version ထိပါပဲ။ စက်အမြင့်စားတွေ မ၀ယ်နိုင်သ၍ ကတော့ အဲဒါပဲ ဆက်သုံးဖြစ်နေအုံးမယ် ထင်ပါတယ်။ အဲပြောဖို့ လိုသွားတာက Thomas ရဲ့ အမည်ကိုတော့ ဖိုတိုရှော့ကို Loading လုပ်နေစဉ်မှာ တွေ့နိုင်ပေမယ့် သူ့အကိုကိုတော့ သိတာ နည်းမယ် ထင်တယ်။ သူ့အကို John Knoll ကတော့ ရုပ်ရှင်ဇာတ်ကား အများအပြားမှာ Visual effect နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပါတယ်။ သူ့လတ်တလော Visual effect supervisor အဖြစ် ပါဝင်ထား တာကတော့ Avatar ရုပ်ရှင် ဇာတ်ကားမှာပဲ ဖြစ်ပါတယ်။

ဖိုတိုရှော့ရဲ့ အခြားသော အကြောင်းအရာတွေနဲ့ သမိုင်းမှတ်တိုင်တွေကတော့ အများကြီး ရှိပါသေးတယ်။ ပို့စ်ရှည်ပြီး သူငယ်ချင်းတွေ ပျင်းသွားမှာ စိုးတာကြောင့် အနည်းအကျဉ်းနဲ့ ဗဟုသုတ အဖြစ် အနည်းငယ်ကိုပဲ တင်ပြလိုက်ပါတယ်။ သူငယ်ချင်းတွေ အားလုံးကိုလည်း ဒီပို့စ်လေးထဲက အကြောင်းအရာ လေးများကို ပြီးဆုံးအောင် ဖတ်ပေးသွားတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ နောက်ပိုင်းမှာတော့ ဖိုတိုရှော့ရဲ့ ထက်မြက်တဲ့ စွမ်းရည်လေးများကို အသုံးပြုပြီး တီထွင်မှုလေးတွေ လုပ်ကြည့်သွားမှာမို့ အားလုံးပဲ ဆက်ဆက် စောင့်နေကြပါအုံးလို့ မှာရင်း ဒီပို့စ်ကို ဒီမှာပဲ အဆုံးသတ်လိုက် ပါရစေနော်။

ခင်မင်လျှက်

မေသောကြာ

Source : Wikipedia,

စာကြွင်း။ ။ အမှားအယွင်းများ၊ လိုအပ်ချက်များပါရှိခဲ့လျှင်လည်း ဝေဖန်ပြောကြားနိုင်ပါသည်။

Myanmar IT Blog

No comments:

Post a Comment