Wednesday, April 4, 2012

အမေ့အတွက် ဆေး

အမေ့ဆေး ကုန်နေပြီ။
ဖျတ်ခနဲ ကြားယောင်လိုက်ရုံနဲ့ လက်ထဲက ကိုင်ထားတဲ့ ဘောပင်တောင် လွတ်ကျလုမတတ် ဖြစ်သွားသည်။ မနက်က ရုံးမလာခင် ညီမလေးက အမေ့ဆေးကုန်နေတဲ့ အကြောင်း ပြောတာကို သွားသတိရလိုက်တော့ ကျွန်တော် သက်ပြင်းတစ်ချက်ပဲ ချလိုက်နိုင်တယ်။ လစာထုတ်ပြီးလို့ ၅ရက်ပဲ ရှိသေးတယ် ကျွန်တော် ဘယ်လိုမျက်နှာမျိုးနဲ့ သူဌေးဆီက ငွေချေးရမလဲ။ ခေါင်းတစ်ချက်ယမ်းပြီး ကျွန်တော် တွေးလက်စ အတွေးတွေကို ဖျောက်ပြီး လချုပ် စာရင်းကို အပြီးသတ်ဖို့ပဲ ကြိုးစားလိုက်တယ်။


ကျွန်တော်တို့ မိသားစုမှာ အဖေ မရှိတော့ကတည်းက အိမ်ရဲ့ စားဝတ်နေရေး အားလုံးကို ကျွန်တော်ပဲ တာဝန်ယူခဲ့တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကအထိ ကျွန်တော်တို့ မိသားစု စီးပွားရေးကလည်း အစဉ်ပြေတယ်။ အမေရယ် ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ရယ် ဆိုတော့ ကုန်စရာလည်း သိပ်မရှိဘူးလေ။ ညီမလေးကလည်း အိမ်မှာနေရင်းနဲ့ အိမ်ဆိုင်ကလေးလည်း ဖွင့်တယ်။ အိမ်မှာပဲ ရပ်ကွက်ထဲက ကလေးတွေကို စာပြပေးတယ်။ ကျွန်တော်ကတော့ အဖေတူသားပီပီ အဖေ့လိုပဲ စာရင်းစစ်အနေနဲ့ပေါ့ ဒါပေမယ့် ကျွန်တော်ကတော့ အဖေ့လို အစိုးရ ၀န်ထမ်းတော့မဟုတ်ဘူး company တစ်ခုမှာ လုပ်တယ်။ အမေကတော့ အေးအေးလူလူ ဘုရားတရား လေးလုပ်လိုက် ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို ဆုံးမစရာရှိ ဆုံးမလိုက်နဲ့ ကျွန်တော်ဘ၀ ဒီလိုပဲ တစ်သက်လုံး အေးငြိမ်းတော့မယ်ပဲ ထင်ခဲ့တယ်လေ။

မနှစ်က မတ်လပိုင်း လောက်မှာထင်တယ် အဲဒီမှာ ဇာတ်လမ်းက စတော့တာပေါ့။ အမေ့ကြည့်ရတာ တရှောင်ရှောင်နဲ့ ပိန်ပိန်လိုက်လာ သလိုပဲ ထင်တော့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက် တိုင်ပင်ပြီး အမေ့ကို ဆေးခန်းပြဖြစ်ခဲ့ကြတယ်။ ဆေးတွေ စစ်ပြီး ရလဒ်ထွက်လာတော့ အမေမှာ အသည်းရောင် အသားဝါ စီပိုး ရှိနေတယ်တဲ့။ နောက်ပြီး နှလုံးကလည်း မကောင်းချင်ဘူးတဲ့။ ဘ၀ဒဏ်တွေ ပေါ့ဗျာ။ အဖေက စာရင်းစစ်ဆိုပေမယ့် တစ်ခါမှ အပိုဝင်ငွေ ရလေတယ်လို့ တစ်ခါမှ မရှိခဲ့ဘူး။ ပြောရရင်တော့ လူမှန်ကြီးပေါ့။ အစိုးရ ၀န်ထမ်း စာရင်းစစ်ဆိုတော့ လစာက များများစားစား ဘယ်ရှိပါ့မလဲ။ အမေက ရသလောက် လစာ ကလေးနဲ့ပဲ ချွေချွေတာတာ နဲ့နေခဲ့ရတယ်လေ။ ခုတော့ အသက်လည်း ကြီးပြီ ဆိုတော့ အရင်က ဘ၀အထုအထောင်းတွေရယ် ဇရာရယ်က ပူးပေါင်း နှိပ်စက်ပြီပေါ့။

အဲဒီလို အမေလည်း ကျန်းမာရေး ချို့တဲ့လာတော့ အမေ့ကို ပြုစုဖို့ လူလိုတယ်လေ။ ညီမလေးက အိမ်မှာနေပြီး စာသင်တယ် အိမ်ဆိုင်ဖွင့်တယ် ဆိုပေမယ့်လည်း အမေ့ကို ပြုစုဖို့ အချိန်ရအောင် ဆိုပြီး စာသင်တာကို မလုပ်ဘဲ အိမ်ဆိုင်ပဲ ဖွင့်တော့တယ်။ ကံကဆိုးပြီဆိုရင် ဆက်တိုက်ပဲ ကျွန်တော်တို့ အိမ်က အရင်ခေတ်က တိုက်အိမ်ဆိုတော့ အန္တရယ်ရှိ အဆောက်အအုံ ဆိုပြီး သတ်မှတ် ခံရပါလေရော။ အိမ်ကိုလည်း ကျွန်တော်တို့ ပြောင်းပေးရတယ်လေ။ အရင်က စုဆောင်းထားတာ များများစားစား မရှိတာရယ် အမေ့ရဲ့ ဆေးစရိတ်တွေရယ်နဲ့ ကျွန်တော်တို့ မြေညီထပ်ကနေ ၅ထပ်ကိုပြောင်းတော့ အလိုလိုနေရင်း ဘုံမြင့် သွားတာပေါ့။ ဒီလိုနဲ့ပဲ ညီမလေးရဲ့ အိမ်ဆိုင်လည်း အလိုလိုနေရင်း ပြုတ်သွားတော့တာပဲ။

ခုလည်း ကြည့်အုံး။ လစာထုတ်ရော အိမ်လခဖယ် အိမ်စရိတ်ဖယ် ဘာဖယ် ညာဖယ်နဲ့ အမေ့အတွက် ဆေးဖိုးတောင် မဖယ်လိုက်မိဘူး။ ညီမလေး မနက်က မျက်နှာငယ်လေးနဲ့ ပြောမှ ဆေးဖိုးကို သတိရတော့တယ်။ လစာကလည်း ကြိုထုတ်လို့ မရသေး နောက်ပြီး ကိုယ်က စာရင်းစစ် ငွေကိုင် ဆိုတော့ ကိုယ်ငွေလိုနေတာလည်း သူများမသိစေချင်ဘူးလေ။ စကားပုံတောင် ရှိသေး မရှိခိုးနိုး မလှစုန်းမျိုး ဆိုပြီးတော့လေ။ စာရင်းသာ တွက်နေရတယ် စိတ်ကတော့ ညနေ အပြန် အမေ့အတွက် ၀ယ်သွားရမယ့် ဆေးဖိုးကိုသာ တွက်နေမိတယ်။

မောင်နိုင်ရေ ဒီမှာ ၁၀သိန်း ဒီလအတွက် အသေးသုံးစရိတ် ကုန်ခါနီးကျရင် လာပြောအုံးနော်။

လချုပ် စာရင်းကို သူဌေးအခန်းထဲ ကျွန်တော် သွားပို့ပြီး ဒီလအတွက် ဌာန၏ အသေးသုံးစရိတ် ကိုပါ တစ်ပါတည်း ပေးလိုက်သည်။ လက်ထဲကို ရောက်လာသည့် ငါးထောင်တန်လေးများ ထံမှ ကျွန်တော် အကြည့်ကို မနည်း လွှဲယူလိုက် ရသည်။ company အတွက် အသေးသုံးစရိတ်ကို ၁ပတ် ၁ခါသာ ကျွန်တော် စာရင်းပြဖို့လိုသည်။ ကျွန်တော်အတွေးထဲ နောက်ခြောက်ရက်မှ စာရင်းတင်ရမှာပါဆိုသည့် အတွေးက မခေါ်ဘဲ ရောက်ရောက်လာသည်။ အလုပ်စားပွဲ ရောက်သည့်တိုင် ကျွန်တော် အတွေးများက ယိမ်းထိုးနေကြသည်။ အံဆွဲထဲ ပိုက်ဆံတွေ ကျွန်တော် ထည့်ပြီး အံဆွဲ ပိတ်ရန် ပြင်ဆင်စဉ် လက်တွေက မသိမသာတုန်ရင်နေသည်ကို သတိထားမိလိုက်သည်။ ကျွန်တော် အံဆွဲကို ပိတ်မည်ပြုပြီးမှ မပိတ်ဘဲ ပြန်ဖွင့်ကြည့်မိသည်။ ထို့နောက် အပေါ်ဆုံးမှ ငါးထောင်တန် တစ်ရွက်ကို ဆွဲထုတ်ပြီး……………………………

အမေ့ဆေး ကုန်နေတယ်။
တိုက်လှေကားပေါ်သို့ တက်ခါနီး မနက်က ညီမလေး ပြောလိုက်သည့် စကားလေးကို ပြန်ကြားယောင် မိနေပြန်သည်။ သို့သော်ငြား ကျွန်တော်စိတ်တွေသည် မနက်ကလောက်တော့ လေးလံမနေတော့။ အဖေသည် သူတစ်သက်လုံး ခိုးဝှက်လိမ်ညာခြင်း အလျဉ်းမရှိဘဲ မိသားစုအတွက် ရှာဖွေကျွေးမွေးခဲ့သည်။ ထို့အတွက် အဖေသည် တစ်သက်လုံး ဂုဏ်ယူခဲ့သည်။ အမေလည်း ထို့အတူ။ ကျွန်တော်လည်း အဖေကဲ့သို့ပင် ဖြစ်လိုသည်။ ထိုအတွက် ကျွန်တော် ရုံးမှ ငါးထောင်တန်လေးကို မယူဖြစ်ခဲ့ပါ။ အံဆွဲကို အသေအချာ သော့ခတ်၍ သေချာ သိမ်းခဲ့ပြီး တစ်ရွက်တစ်လေမျှ ကျွန်တော် မယူဖြစ်ခဲ့ပါ။ ကျွန်တော် ရှိသည့် ပိုက်ဆံလေးနှင့် အမေ့အတွက် လမ်းထိပ် ရှမ်းခေါက်ဆွဲဆိုင်မှ ကြက်ခြေထောက်ပေါင်း တစ်ပွဲ ၀ယ်ပေးခဲ့သည်။ ညီမလေးကိုလည်း ကျွန်တော် နားလည်အောင် ရှင်းပြရမည်။ သူကျွန်တော်ကို အပြစ်မတင်ပါစေနှင့်။ လိမ္မာသော ညီမလေးလည်း ကျွန်တော်ကို နားလည်ပေးလိမ့်မယ် ဟုလည်း မျှော်လင့်မိသည်။ သစ္စာမှန်လျှင် နွယ်မြက်သစ်ပင်သည်ပင်လျှင် ဆေးဖက်ဝင်ပါသည်ဟု မြတ်စွာဘုရား ဟောခဲ့သည်။ ဒီည ကျွန်တော်၏ ဖြူစင်မှု အတွက် ကျွန်တော် သစ္စာဆိုပါလျှင် ယခုဝယ်လာသော ကြက်ခြေထောက်ပေါင်းသည် အမေ့ဆေး မ၀ယ်နိုင်ခင် ကာလပတ်လုံး ဆေးဖက်ဝင်ပါမည် ဆိုလျှင် ကျွန်တော်သည် အတိုင်းမသိပင် ၀မ်းသာမည် ဖြစ်ပါတော့သည်။

မေသောကြာ
3.2.2012
9:29
အမှောင်ထဲတွင် ခံစားရေးဖွဲ့သည်။



Myanmar IT Blog

No comments:

Post a Comment