Sunday, February 12, 2012

အိမ်ပြန်လမ်းလေး လှခဲ့ပြီ အပိုင်း (1)

အိမ်ကလေးက မလုံတစ်လုံ။ မနက်ခင်း လင်းအားကြီးမို့ တဲအိမ် ကလေးထဲက ဆီမီးခွက် အလင်းက အပြင်ကို ကြိုးတိုး ကြဲတဲ လွင့်ထွက် နေသည်။ အိမ်အတွင်းက ဘုရား ရှိခိုးသံ သဲ့သဲ့က အစာရှာ ထွက်ကြတော့မည့် ငှက်ကလေး များနှင့် အတူ ပျံ့လွင်လာသည်။ မေတ္တာပို့ အမျှဝေ ပြီးလေတော့ ကောင်းကင်ဝယ် နေမင်းကြီးက ထိုးထွက်ကာ ကမ္ဘာလောက မြေပြင်ကြီးကို အနွေးဓာတ် များ ဖြန့်ဝေ ပေးလျက် ရှိသည်။ ဘုရား ရှိခိုး ပြီးသွားလေတော့ အဘွားအို တစ်ဦး တဲအိမ် ကလေးမှ ထွက်ကာ ငှက်ကလေးများ အစာကျွေးနေသည်။ ထို အဘွားအို အစာကျွေးရင်း အိမ်ရှေ့ လမ်းကလေးကို ငေးပြီး ကြည့်နေလေ့သည်။


ထို အဘွားအိုက ဒေါ်ငွေမှုံ။

ဒီနေ့ တနင်္ဂနွေနေ့မို့ ဒေါ်ငွေမှုံ တစ်ယောက် စိုက်ခင်းမှာ ပေါင်းသင်ဖို့ မသွားချင်သေး။ ပိတ်ရက်ဆိုတော့ မလာမှန်း သိသော်လည်း သားကြီး နှင့် သမီးငယ်ကိုတော့ မျှော်မိသည်။ သို့သော်လည်း တစ်နေ့လုပ် တစ်နေ့စား ဘ၀မို့ မသွားမဖြစ် သွားရမည်။ နေ့တစ်နေ့ရဲ့ အဖွင့်ကို ဘုရား တရားနှင့် စပြီးပြီမို့ ဘာစိတ်ညစ် စရာမှ မတွေးဘဲ ပေါင်းသင် သွားဖို့သာ ပြင်နေမိသည်။ ဒီနေ့ သွားရမည့်ခြံက သဘောကောင်းလွန်းသည့် ဟု ပြောကြသည့် မောင်နှမ နှစ်ယောက်ရဲ့ ပန်းစိုက်သည့် ခြံမို့ ထမင်းတော့ ထုပ်ယူသွားဖို့ မလို။ ပြင်ဆင်ပြီး ပြီမို့ ဒေါ်ငွေမှုံ ပေါင်းသင် ရမည့် ခြံသို့ တစ်ရွေ့ရွေ့နှင့် ထွက်ခဲ့တော့သည်။
“ မယ်ခင်ရေ ”
“ရှင် အဘွား ဘာမှာခဲ့မလို့လဲ”
“အဘွား သားနှင့် သမီးတို့ မိသားစုတွေ လာခဲ့ရင် မောင်သာမြိုင်တို့ ခြံကို လာခိုင်းလိုက်နော်၊ တော်ကြာ အဘွားကို မတွေ့လို့ သူတို့ စိတ်မကောင်း ဖြစ်နေကြအုံးမယ်”
“ သြော် ဟုတ်ကဲ့ အဘွား စိတ်ချ သမီး အဘွားဆီ လာပြော မယ်  စိတ်ချနော် အဘွား”
တရွေ့ရွေ့နှင့် ထွက်သွားသည့် အဘွား ဒေါ်ငွေမှုံရဲ့ ကျောပြင်ကို ကြည့်ရင်း မခင်လှ သက်ပြင်းချမိသည်။ အဘွားဘ၀က သနားစရာ ကောင်းလွန်လှသည်။ သူ့ပုံပြင် သူ့ဇာတ်လမ်းကတော့ ကြားရသူတိုင်း အတွက် ရင်နင့်စရာ။

အဘွား မိဘတွေက ချမ်းသာကြသည်။ မန္တလေး မြို့ပေါ်က သူဌေးကြီး လင်မယား၏ တစ်ဦးတည်းသော သမီးလေး။ အဘွားက ရွှေလင်ပန်းနှင့် အချင်းဆေးကာ လူ့လောက ကိုလှမ်းလာခဲ့သည်။ အဘွား အရွယ်ရောက်လာတော့ သာမာန် ရွာကျောင်းက ကျောင်းဆရာ တစ်ဦးနှင့် ရည်ငံသည်မို့ အဘွား မိဘများက သဘောမတူခဲ့။ ချစ်သူမျက်နှာ တစ်ရွာထင်ကာ အဘွား ဒီရွာကို လိုက်လာခဲ့လေတော့ မိဘများက အဘွားကို သေတစ်ပန် သက်တစ်ဆုံး အဆက်အသွယ် ဖြတ်ခဲ့ကြသည်။ အဘွားကတော့ ရွာကလေးမှာ ပျော်အောင် နေခဲ့သည်။ သားသမီး နှစ်ယောက် ပွားစီးသည် အထိ အဘွား ဘ၀တွေက အေးမြခဲ့သည်။ သို့သော် မထင်မှတ်ဘဲ အဘွား အမျိုးသား ဆုံးပါးသွားချိန်မှာတော့  သားသမီး နှစ်ယောက် အတွက် အဘွား ပန်းစိုက်ခင်းများတွင် နေ့စား အလုပ် သမား အဖြစ် ခက်ခက် ခဲခဲ ရှာဖွေ ကျွေးမွေးခဲ့ရသည်မှာ ယနေ့ အချိန်ထိ။
“ ကဲ အဘွား ဘ၀ကတော့ အဲဒါပဲ နွေမရေ”
မခင်လှ ခြံနီးချင်းမို့ အဘွား အကြောင်း ခရေစေ့ တွင်းကျ သိသည်။ သူက တွေ့သည့် လူတိုင်းကို အဘွား အကြောင်း ပြောပြလေ့ရှိသည်။ သူ့စိတ် သူ့သဘောကတော့  မိဘ ကျေးဇူး နားလည် စေချင်လို့လားတော့ မသိ အခုလည်းကြည့် မြို့မှ လာလည်သည့် နွေမကို မခင်လှ က မမောမပန်း အဘွားအကြောင်း ဇာတ်လမ်းခင်း နေပြန်ပြီ။
“ ဒါနဲ့  အဘွား သားနဲ့ သမီးကရော ဘယ်ကို ရောက်ကုန်လို့လဲ ဒွေးလေး”
“ အေး အဲဒါလား မပြောချင်ပါဘူးအေ”
မပြောချင်ဘူးဟု အစချီသော်လည်း မခင်လှ ရှည်လျားသော ဒီဇာတ်ကြောင်း ပြန်ပြောင်းပြောဖို့ အရေး ရေတစ်ခွက်ကို အားရပါးရ သောက်လိုက်သေးသည်။
“ အကြီးကောင် ခင်မောင်က တက္ကသိုလ်မှာ ဆ၇ာဖြစ်တယ်တဲ့။ အဲဒါ သူတို့ကျောင်းက ဘာလဲလေ သြော် သိပြီ ပါမောက္ခ သမီးနဲ့ ကျောင်းလည်း ပြီးရော ယူရော။ ဟိုက သူ့မိန်းမက ခြံ အလုပ်သမား ယောက္ခမကို ရှက်လို့တဲ့ အေ။ ဒီနေ့ ဒီအချိန်ထိ လာကို မလာဘူး။ အေးရော ဟိုကောင်ကလည်း ၀မ်းနာရကျိုးနပ်ပါ့။ မိန်းမ မလာခိုင်းလို့ ယူပြီး ကတည်းက လာကို မလာတော့ဘူး။ ကိုယ့် အမေ သေလား ရှင်လားတောင် လှည့် မကြည့်တော့ဘူး”
“ ဒါဆို သမီးကရော”
“ပြောပါ့မယ်အေ ညည်းကလည်း စိတ်စောပါ့။ ပူစူးမကတော့ သူ့အကိုလည်း ပညာမတော် ဆယ်တန်း တဘုန်းဘုန်း ကျတာနဲ့ ကျောင်းထွက်ပြီး အမေနဲ့ တူတူ ခြံလိုက်မလား အောက်မေ့ပါတယ်။ ပန်းသည်တဲ့ကားသမား နဲ့ ရန်ကုန် လိုက်ပြေးပါလေရော။ အဲ သူလည်း ပြေးလို့ အဘွား ရင်နာတာမှန်ပေမယ့် စိတ်အေးမလား မှတ်တယ်။”
“ ဘာဖြစ်လဲ ဒွေးလေး”
“နေပါအုံး။ ညည်းကလည်း မောလို့ နားပါရစေအုံး၊ သူ့ယောကျာင်္းက အရက်သမား ဆိုတော့ ဟိုကောင်က အရက်ဖိုး မလောက်လို့ အိမ်ပေါ်က နှင်ချရင် အမေအိမ်ရောက်လာ ပြီး အဘွားနေတဲ့ ခြံကို ရောင်းခိုင်းပြီး အမွေတောင်းနေတာဟေ့”
“ဒါတောင် အဘွားက သူတို့ကို မျှော်နေတုန်းလား ”
“ ဒါကတော့ မိဘနဲ့ သားသမီးလေ။ အေး ငါ တစ်ခါတည်း ကြိုပြောထားမယ်နော် နွေမ ညည်း ပူစူး အချိုး တော့မလုပ်နဲ့ ညည်း ကို ညည်းအမေက အဘွားလိုတော့ မျှော်မှာ မဟုတ်ဘူး။ ၀ါးခုတ်တဲ့ ဓါးနဲ့ လိုက်ပဲ ခုတ်လိမ့်မယ် ကြားလား”
“ ဒွေးလေးကလည်း ဘာမှလည်း မဆိုင်ဘဲ လာပြောနေပြန်ပြီ”
နွေမ စောင့်အောင့်ကာ အိမ်ပေါ်မှာ ဆင်းလာခဲ့သည်။ မခင်လှကလည်း သူပြောချင်တာတွေ ပြောပြီး ကြည့်လိုက်တော့ ညနေစာပင် ချက်ချိန်ရောက် ပြီမို့ မီးဖိုခန်းထဲ အပြေး ၀င်လာချိန်မှာတော့ သူ့ရဲ့ အဘွားအကြောင်း ဇာတ်လမ်းလည်း ကန့်လန်ကာ မချပဲ အဆုံးသတ် သွားတော့သည်။

မောင်သာမြိုင် ဒီနေ့ အဘွား ငွေမှုံကို ကြည့်ရတာ မှိုင်နေသလိုထင်ရသည်။ တစ်ချက်ချက် ပေါင်းသင်ရင်း မျက်ရည်များ တို့သုတ်နေသည် ကိုပင် တွေ့ရသည်။ အရင်နေ့တွေ ဆိုလျှင် အဘွားသည် အသက် 70 ဟုပင် မထင်ရ။ သွက်လက် နေသေးသည်။ အဘွားကို ကြည့်တော့ သူတို့ မောင်နှမ နှစ်ဦး စလုံး အသနား ပိုကြသည်။ သူတို့ မောင်နှမ နှစ်ယောက် တီးတိုး တိုင်ပင် ခဲ့ကြသည်။ အဘွားကို အိမ်မှာ ခေါ်ထားဖို့။ ငယ်စဉ်ကတည်းက မိဘမဲ့ ဖြစ်ခဲ့ကြသည့် သူတို့ မောင်နှမ နှစ်ယောက် အဖို့ မိဘ မေတ္တာ ငတ်ခဲ့ကြသည်။ အဘွားက ပေါင်းသင်ဖို့ လာတိုင်း ကြုံရင် ကြုံသလို ဆုံးမတတ်သည်။ ဒီအတွက် ကံကြမ္မာက သူတို့ အတွက် အမေအစား ပေးသည်ဟု ထင်မှတ် လာခဲ့ကြလေသည်။ နောက်ပြီး အဘွားကလည်း သူ့ခြံမှာ တစ်ယောက်တည်း အထီးကျန် မည့်အစား သူတို့ နှစ်ယောက် နှင့် လာနေစေချင်ကြောင်း ပြောဖို့ ဆုံးဖြတ်ချက် ချထားကြသည်။

“ အဘွား နေမကောင်းဘူးလား။ ”
ရုတ်တရက် အသံကြားလို့ ခေါင်းမော့လိုက်တော့ မျက်ရည်စ အချို့က ဒေါ်ငွေမှုံ မျက်ဝန်းမှာ တွဲခွဲဆဲ။
“ ငိုနေတာလား အဘွား”
ငိုချင်ရက် လက်တို့ ဆိုသလို ဒေါ်ငွေမှုံ တစ်ယောက် မြေကြီးပေါ် ထိုင်ချရင်း ရှိုက်ကြီးတစ်ငင် ငိုတော့သည်။

ဝေဖန်အားပေးမှုများအား စောင့်မျှော်လျှက်

ဆက်လက်ရေးသားပါဦးမည်။
မေသောကြာ
Myanmar IT Blog

No comments:

Post a Comment