Tuesday, January 3, 2012

ပျော်ရွှင်စရာ ခရစ်စမတ်

ဒက်ဒီရေ ကြည့်ပါဦး အပြင်မှာ နှင်းတွေ ကျနေတယ်
ပြတင်းပေါက်အနားမှ ကြည့်ရင်း ဒက်ဒီကို သွားခေါ်ဖို့ အလုပ်….
အို ငါ ဘာလို့ အ၇ပ်ပုသွားတာပါလိမ့်
အခန်း ပြတင်းပေါက်ကိုတောင် မမှီလို့ ခုံပေါ်တွင် သူမ၇ပ်ကာ  အပြင်ကို လှမ်းကြည့်မိနေတာပါလား။ ခုမှ သတိထားမိလိုက်တော့ သူမ ဂါဝန် အနီရောင်ကလေးကို ၀တ်ထားသည်။ ပြီးတော့ ဆံပင်ကို ကျစ်ဆံမြီး နှစ်ဘက် ခွဲကျစ်လို့ ဆံစ အဖျားတွင် အနီရောင် ဖဲပြားလေးကို သပ်ရပ်စွာ ချည်နှောင် ထားသည်။
မာမီ……….. ဟုတ်တယ် မာမီ ကျစ်ပေးထားသည့် အတိုင်း ပါလား။
သူမ ကုတင်ဘေးက မှန်တင်ခုံ အနားသို့ ပြေးသွားလိုက်သည်။ မှန်ကို မ၀ံ့မရဲ ကြည့်မိလိုက်စဉ် သူမ မျက်လုံးများ နဂိုထက်ပင် ပိုမို ပြူးကျယ်သွားမိသည်။
ဟင် ငါ ….. ဘယ်…လို ဖြစ်ပြီး …. ကလေးလေးဖြစ်နေ ပါလိမ့်
သူမ အလန့်တကြားနှင့် အခန်းထဲမှ ပြေးထွက်လိုက်မိသည်။ ပါးစပ်မှလည်း ဒက်ဒီကို ခေါ်ရင်း သူမ လှေကားများအတိုင်း ပြေးဆင်း လာလိုက်သည်။ အသံ တစ်စုံ တစ်ရာ မကြားသဖြင့် သူမ ခြေဦးတည့်ရာ ပြေးလာရင်း အိမ်တံခါးမကြီး နား အရောက် သူမ ကြောက်ကြောက် လန့်လန့်နှင့် တံခါးမကြီးကို ဆွဲဖွင့်လိုက်စဉ်…………………………

တစ်ကိုယ်လုံး တောင့်တင်း၍ နေသဖြင့် ရုတ်တရက် ထထိုင်ဖို့ပင် သူမ ကြိုးစား၍ မရခဲ့။ အိပ်မက်လား တကယ်လား သူမကို ဆန်းစစ်လိုက်တော့ သူမ အိပ်မက် မက်နေခဲ့ခြင်းပင် ဖြစ်သည်။ အကျီကို ကြည့်လိုက်တော့  ညနေအလုပ်က ပြန်အရောက်ပြီး ကတည်းက ရုံး ယူနီဖောင်းပင် သူမ မလဲရသေး။ ၀ရံတာတွင် ရှိသည့် ပက်လက် ကုလားထိုင် ပေါ်တွင် ထိုင်ရင်း သူမ ဒက်ဒီအကြောင်း တွေးမိပြီး ငိုရင်း အိပ်ပျော်သွားခြင်းပင် ဖြစ်သည်။ အိပ်ခန်းထဲဝင်၇င်း နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ည 2 နာရီသာ ရှိသေးသည်။

Zzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz

တကယ်တော့ ဒီလို လမျိုးသည် ဒက်ဒီနှင့် သူမတို့ သားအဖ နှစ်ယောက်လုံး အလုပ်တွေ ရှုပ်နေတတ်သည်။ ဆုတောင်းပွဲ အတွက် ပြင်ဆင် စရာများက အများသား။ မာမီမရှိတော့သည့် အချိန်မှ စ၍ ဒက်ဒီသည် ဖခင် တာဝန်ရော မိခင် တာဝန်ကိုပါ မလစ်ဟင်းစေပဲ အပြည့် အ၀ တာဝန် ယူပေးခဲ့သည်။ ယခုလို ခရစ်စမတ် အချိန်ကာလများတွင် ဒက်ဒီသည် အိမ်သို့ ဘုရားကျောင်းမှ လူငယ် အဖွဲ့များ လာသည့် အခါဆိုလျှင် အစားအသောက် များအတွက် ကိုယ်တိုင်ပင် ချက်ပြုတ်ပေးတတ်သည်။ ပြီးတော့ ဘုရားကျောင်း ရောက်လျှင် လက်ဆောင်ပေးဖို့ နောက်ပြီး ဒက်ဒီသည် သူမ အသက် 27 ရောက်နေသည့်တိုင် ခရစ်စမတ်ညဆိုလျှင် Santa Claus ( ခရစ်စမတ် ဘိုးဘိုးကြီး ) ကဲ့သို့ သူမ အခန်းရှေ့တွင် သူမ ကြိုက်နှစ်သည့် တတ်သည့် ပစ္စည်းလေးများကို လာရောက် ထားပေးမြဲ။ ဒါတွေက ဒက်ဒီ မပျက် မကွက် လုပ်လေ့ရှိသည့် ရာသီချိန် အလေ့အထများ ဖြစ်သည်။ ခုတော့ ………..

ယမုံ မငိုပါနဲ့ဟာ ။ ရှေ့လျှေက် ဘ၀ကို နင် အများကြီး ရင်ဆိုင် ရအုံးမှာပါ။ နင်ဒီလို ဖြစ်တာကို အန်ကယ်လည်း မြင်ချင်မှာ မဟုတ်ပါဘူးဟာ…..

ငိုချင်လျက် လက်တို့မို့  သူမ သူဇာ ရင်ခွင်ထဲ တိုးဝင်ရင်း ရှိုက်ကြီး တစ်ငင် ငိုနေမိလိုက်သည်။ တစ်ဝကြီး ငိုပြီးတော့ စိတ်ထဲ အတော်ပင် ပေါ့သွား သလိုပင်။

Merry Christmas!

အပြင်ဘက်မှာ အော်သံကြောင့် ငိုက်မျဉ်းချင်သလို ဖြစ်နေသည့် သူမတို့ သူငယ်ချင်း နှစ်ယောက်လုံး အပြေးအလွှား တံခါးဖွင့်ပေးလိုက်တော့။ Carol Singing ဆိုဖို့ လူငယ်များ အားလုံး အိမ်ရှေ့တွင် အသင့်ပင် ဖြစ်နေသည်။

Merry Christmas ပါ ယမုံ

သီချင်းဆို အပြီး ဆရာ သူမကို လက်ဆွဲ နှုတ်ဆက်တော့ ထိန်းထားသည့် ကြားမှ မျက်ရည်စလေးများ လွင့်ကျသွားခဲ့သည်။

အားတင်းထားပါ ယမုံ ကိုယ်တော့်ကို ယုံကြည်သူမို့ ကိုယ်တော်က ထာဝရ အနားမှာ ရှိနေမှာပါ။

သူမ စကား ပြန်ပြောနိုင်ဖို့ အားအင် မရှိသဖြင့် ခေါင်းကိုသာ တွင်တွင် ညိတ်နေမိသည်။ Carol အဖွဲ့ ပြန်သွားတော့ သူမ သူဇာကိုပါ ပြန်ခိုင်းလိုက်သည်။ သူဇာကတော့ စိတ်ချပုံ မပေါ်။ သို့သော်လည်း သူမ စိတ်ညစ်လာလျှင် တစ်ယောက်တည်းသာ နေတတ်သည်မို့ သူဇာကို စိတ်ချအောင် ပြောပြီး အတင်း ပြန်လွှတ် လိုက်ရသည်။ သူမ အားလုံး ပြန်သွားတော့  သိမ်းဆည်း စရာ  ရှိသည်များ သိမ်းဆည်းပြီးသည် နှင့် အိပ်ရာဝင်ရန် ကြိုးစားလိုက်သည်။ စောစောအိပ်မှ ဖြစ်မည်လျှင် မနက်ဖြန် ခရစ်စမတ် နေ့မို့  ဘုရားကျောင်းလည်း အစောကြီး တက်ရ အုံးမည်။ သူမ အိပ်ရာဝင်တာသာ နှစ်နာရီ ကျော်ကြာနေပြီ အိပ်ချင်ပုံ မပေါ်သေး ထို့ အတွက် ကုတင်ဘေး စားပွဲပေါ်က အိပ်ဆေး ပုလင်းထဲမှ အိပ်ဆေး သူမ သောက်ချလိုက်သည်။ အိပ်ဆေး အရှိန်ကြောင့်လားတော့ မသိ ခဏ အကြာ သူမ မျက်လုံးများ မှေးစဉ်းလာတော့သည်။

zzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz

သူမ ဘုရားကျောင်း သွားဖို့  အ၀တ်အစား ထုတ်တော့ ကချင်ရိုးရာ အထည် အနီရောင် ကလေး။ သူမ တစ်နေ့က အိပ်မက်ကို သတိရ၍ တစ်ချက် ပြုံးမိလိုက်သည်။ ထူးဆန်းသည်က မနေ့ညက အိပ်ရေးဝလို့လားတော့ မသိ သူမ စိတ်တွေ အလိုလို ပျော်ရွှင် နေသလိုပင်။

ဘုရားကျောင်း ရောက်တော့ သူဇာက သူမကို ဘုရားကျောင်းဝတွင် စောင့်ကြိုနေသည်။

ငါ နောက်ကျသွားသလား သူဇာ

သူဇာ  ပြုံးပြီး ခေါင်းကို ခါရင်း …

နင် ဒီနေ့ လန်းဆန်းနေသလိုပဲ

အင်း ငါ့စိတ်ထဲ ပျော်နေသလိုပဲ…. ဘာလို့လဲတော့ မသိဘူး မနက်ကတည်းက ငါ တက်ကြွနေတယ်။

ယမုံ

နာမည် ခေါ်သံလာရာ လှည့်ကြည့်လိုက်တော့ ဒက်ဒီ ညီမ အန်တီလေးပါလား။ ဒက်ဒီ အသုဘ ပြီးကတည်းက အန်တီလေး က နေပြည်တော်ကို တာဝန်ဖြင့် ပြန်သွားသဖြင့် မတွေ့လိုက်ရသေးသည်မို့ သူမ အန်တီလေး ရှိရာ ဘုရားကျောင်းရှေ့ရှိ ကားလမ်း တစ်ဘက်ခြမ်းသို့ အကူး……………………….

သမီးလေး ဘုရားကျောင်းရှေ့ကို မာမီ နဲ့ ဒက်ဒီ တစ်ယောက်ယောက် မပါဘဲ မပြေးနဲ့နော် ဟိုကုန်းပေါ်က ကားတွေက အရှိန်နဲ့လာတာ အရမ်း အန္တရာယ် များတယ် သိလား……………….

သူမ ရှစ်နှစ် သမီး အရွယ်က မာမီ့ ဆုံးမသံ။

ယမုံ ကားလမ်းကူးရင် သတိထားလေ ခေါ်တိုင်း ပြေးပြေး မသွားနဲ့ ကားရှင်းမရှင်း ကြည့်လေ………………………

သူမ တက္ကသိုလ် ပထမနှစ် စာမေးပွဲ ဖြေပြီးချိန် ကားတိုက်ခံရစဉ်က ဒက်ဒီ ပြောစကားများ ကြားယောင်ရင်း……………………

ဆူညံသော မြည်ဟည်းသံကြီးကို သူမ နောက်ဆုံး ကြားလိုက်သည်။ သူမ အေးစက်သွားသလို မျောလွင့်သွားသလိုနှင့် သို့သော် သေချာတာက သူမ ကြောက်လန့်လျှင် ရွတ်ဆိုတတ်သည့် ဆာလံ 23 ကိုတော့ စွဲစွဲမြဲမြဲ ရွတ်နေမိသည်။

zzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz

သူမ မျက်လုံး ဖွင့်ကြည့်လိုက်တော့ အိပ်ရာ တစ်ခုအတွင်းဝယ် အားယူကာ ထထိုင်ပြီး သူမ အကဲခတ်မိလိုက်တော့။ ရေခိုး ရေငွေ့များ ဖုံးနေသည့် ထိုပြတင်းပေါက်။ အနီရောင် ဂါဝန် ကလေး။ ကျစ်ဆံမြီး။ ပြီးတော့……….. မှန်တင်ခုံဝယ် သူမ ကြည့်လိုက်သည်။

ဒက်ဒီ …………………… မာမီ……………………….

အိမ်ရှေ့ တံခါးမကြီး ဆီသို့ သူမ အပြေး ကလေး  လှမ်းလိုက်သည်။ ဒီတစ်ခေါက် သူမ ကြောက်လန့်နေခြင်းမျိုး မဟုတ်။ သူမ တံခါးမကြီး ရှေ့ ရောက်တော့ ရင်တွေ ခုန်နေသည်။ မျက်လုံး ကိုစုံမှိတ်၍ တံခါးမကြီးကို ဖွင့်လိုက်သည်။ အေးမြသည့် လေပြည်လေးများ၏ ပွတ်တိုက်သွားမှုကို ခံစားရပြီးနောက် သူမ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

ဒက်ဒီ …………. မာမီ………………..

ဟုတ်ပါသည်။ ဒက်ဒီ နှင့် မာမီသည် သူမကို ပြုံးပြ ဆီးကြိုနေသည်။ ဒက်ဒီတို့နောက်ဝယ် ရထားလုံး တစ်စီး ရှိနေသည်။ သူမ ခြေလှမ်းတွေ လှမ်းဖို့ အားယူနေဆဲ။ မာမီက သူမဆီကို လှမ်းလာသည်။ ပြီး သူမ လက်ကို မာမီက ဆွဲရင်း ရထားလုံး ရှိရာသို့ ခေါ်လာသည်။ သေချာတာ ကတော့ လွန်ခဲ့သည့် 12 နှစ် ကလိုတော့ မာမီ့ လက်တွေ အေးစက် မနေပါ။ မာမီ့လက်များသည် ဟိုးအရင်က အတိုင်း နွေးထွေးဆဲ။ ထို့နောက် ဒက်ဒီက သူမကို ရထားလုံး ပေါ်သို့ ပွေ့ချီ၍ တင်လိုက်သည်။ သူမ အံ့သြ မနေခဲ့ပါ။ နောက်ပြီး ဘာဆို ဘာမှ မမေးဖြစ်ခဲ့။ ဒက်ဒီ က မြင်းဇက်ကြိုးကို ကိုင်ရင်း ရထားထွက်ဖို့ ဟန်ပြင်လိုက်သည်။ ထိုစဉ် သူမ ဒက်ဒီ ကို လှမ်းအော်ပြောလိုက်သည်။

Merry Christmas

ဒက်ဒီက သူမကို ပြန်လှည့်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူမတို့ မိသားစု ၏ ရထားလုံး လေးသည် နှင်းတောထဲတွင် တရွေ့ရွေ့ဖြင့် တောင်ပေါ် ဘုရားကျောင်းလေး ပေါ်သို့ ဦးတည်ကာ ရွေ့လျား နေတော့သည်။

ခင်မင်လျှက်
မေသောကြာ
11:30
2.12.2012

ကျွန်မသည် ခရစ်ယာန် ဘာသာဝင် တစ်ယောက် မဟုတ်သည့် အတွက် အမှားအယွင်း တစ်စုံတစ်ရာ ပါခဲ့လျှင် ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။
Myanmar IT Blog

No comments:

Post a Comment