Thursday, February 16, 2012

ပိုင်ဆိုင်ခွင့် မရလိုက်သည့် ဘ၀လေးများ

ဖေဖေ ဆုံးပြီး နောက်ပိုင်း စိတ်ပြေ လက်ပျောက်လည်း ဖြစ်အောင် နောက်ပြီး ကိုယ်တိုင်ကလည်း ပရဟိတကို ၀ါသနာ ပါတဲ့ အတွက် မနှင်းတို့ရဲ့ ဆေးခန်းလေးကို သင်တန်း မတက်ခင် ရက်ပိုင်း လောက်က တနင်္ဂနွေ ပုံမှန် ဆိုသလို ရောက်ဖြစ်သွားတယ်။ အဲဒီ ဆေးခန်းလေးကို ရောက်တော့မှ ဆရာဝန် ဆိုတဲ့ ဘ၀တွေနဲ့ ထိတွေ့ခွင့် ရလိုက် မိတယ်။ အရင်တုန်းက သိသလောက်ဆို နားကြပ်လေး လည်ပင်းမှာချိတ် ဂျူတီကုတ်ကို ကော့ကြော့နေအောင် ၀တ်ပြီး ဆေးရုံ ဟိုဘက် ဒီဘက် ကလေး သာသာလေး လှုပ်လီလှုပ်လဲ့ လျှောက်တတ်တဲ့ ဆရာဝန်မလေးတွေကို သိသလို၊ အင်တိုက် အားတိုက် ပြုစုရင်း လူနာကို  ဂရုဏာ ဒေါသောနဲ့ အော်တတ်တဲ့ ပြည်သူ့ ဆေးရုံက ဆရာဝန်လေး တွေကို မြင်တွေ့ဖူးရုံက လွဲလို့ ကျွန်မ ဆရာဝန် ဆိုတဲ့ ဘ၀ကို မသိခဲ့ မရင်းနှီး ခဲ့တာ အမှန်ပါ။


ငယ်ငယ်က ကလေးတိုင်း လိုလို ပြောတတ်တဲ့ စကားက ကြီးလာရင် ဘာလုပ်မလဲဆို ဆရာဝန်လို့ များသော အားဖြင့် ဖြေတတ်ကြပေမယ့် ကျွန်မ ဘယ်တုန်းကမှ မဖြေဖြစ်ခဲ့ပါဘူး။ ဆရာဝန် ဆိုတာကို တွေးကြည့်ရုံနဲ့ ရင်မော လို့ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်မက ကိန်းဂဏန်းတွေမြင်ရင် ခေါင်းမူးတတ်သလို၊ သရဲလည်း ကြောက်တတ်တယ်။ နောက်ပြီး အဆိုးဆုံးကတော့ စာကျက် ပျင်းတာပါ။ ဘယ်လို ရိုက်ရိုက် ဘယ်လို ဆူဆူ စာကျက်ရမှာ ပျင်းတဲ့သူက ဆရာဝန် ဖြစ်ဖို့ကို ဘယ်နည်းနဲ့မှ စိတ်ကူး မယဉ်ခဲ့မိတာပါ။ ငယ်ငယ်တုန်း အဘွားတို့ နေတဲ့ ခ၀ဲခြံက အောင်သိဒ္ဓိလမ်းဆိုတော့ မြို့ထဲက ကျွန်မတို့ မိသားစု သွားလည်မယ်ဆို ပြည်လမ်းက ဖြတ်လို့ လိပ်ခုံးလို့ ခေါ်တဲ့ ဆေးကျောင်းကို မြင်ရင် သူများတွေတော့ မသိ ကျွန်မ ကတော့ တက်ချင်စိတ် မရှိခဲ့ဘူး။

ငါးတန်းနှစ် ကျွန်မ လသာ (2) ကို စတက်တဲ့ အချိန်မှာ ကျောင်းက ပထမဆုံး လသာ ရတနာဆုကို ပေးတဲ့နှစ်ပါ။ မှတ်မှတ်ရရ အဲဒီဆုကို ရသူက မဇာခြည်ဝေလင်းပါ။ ရတဲ့ဆုက ဆေးကျောင်းရဲ့ ပညာသင်စရိတ်အပြင် ရွှေ နှစ်ကျပ်သားလား ငါးကျပ်သားလားတော့ မမှတ်မိတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီဆုရသူက ကျွန်မ ဆယ်တန်း အောင်သွားသည် အထိ သူတစ်ယောက်ထဲပဲ ရခဲ့တာမို့ပါ။

သူက ဘက်စုံ ထူးချွန်သူမို့သာ ဒီဆုမျိုးကို ပိုင်ဆိုင်ရတာပါ။ ပန်းချီ၊ စာစီစာကုံး၊ စာပေ ဘက်စုံ ထောင့်စုံကနေ ထူးချွန်သူ ဖြစ်တဲ့ အဲဒီ အမကြီးကို ကျွန်မ ချီးကျူးမိတာကလွဲ ကျန်တာ အားကျမှု မရှိတဲ့ အပြင် ကျွန်မ သူ့အစား စိတ်ညစ် သလိုတောင် ဖြစ်ခဲ့တာ အမှန်ပါ။ ဘာလို့ဆို ဆယ့်တစ်နှစ် လုံးလုံး စာကို ကျက်ပြီးပြီ နောက်ထပ်လည်း စာတွေ ထပ်ကျက်ရအုံးမယ် ဆိုပြီး သူ့အစား ပင်ပန်း လိုက်တာဆိုပြီး ခံစားမိလိုက်တာမျိုးပါ။ ဆယ်တန်းမှာ ကျွန်မ ဆေးတက္ကသိုလ်ကို မျှော်လင့်ထားတဲ့ အတိုင်း တက်ခွင့် မရခဲ့ပါဘူး။ အဲဒီတုန်းကတော့ ကျွန်မ နောင်တရတာမျိုး အလျဉ်း မရှိခဲ့ပါဘူး။ ကျွန်မ မကျက်ချင်တဲ့ စာတွေနဲ့ ခပ်ကင်းကင်း နေရတော့မှာမို့ ပျော်ပါသေးတယ်။

ကျွန်မ ဆရာဝန် မဖြစ်ရတာကို နောင်တ ရမိတာတော့ မနှင်းရဲ့ ကြုံတိုင်း ဆေးခန်းလေးကို ရောက်တော့မှပါ။ တစ်ပတ် တစ်ပတ်ကို လူနာပေါင်း တစ်ရာကျော်လောက် ကုသပေးနေကြတဲ့ သူတို့တွေကို ကြည့်ပြီး ကျွန်မ သိပ်နောင်တ ရတာပဲ။ လူနာတွေ မျက်ဝန်းမှာ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ အားကိုးမှုတွေနဲ့ ယှဉ်တဲ့ အရိပ် အယောင်တွေကို မြင်တော့ ကျွန်မ သူတို့ရဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ ဆရာဝန် မဖြစ်လိုက်ရတာကို သိပ်နှမြောတာပဲ။ တစ်ခါတစ်လေ ဆေးခန်းကို စောရောက်ပြီး ဆရာဝန်တွေ မရောက်သေးလို့ လူနာတွေ ပုံထပ်နေရင် ကျွန်မ သိပ်ပြီးကုပေးချင်တာပဲ။ နောက်ပြီး ဆေးခန်းမှာ ကျွန်မ လူနာ စာရင်း သွင်းပေးရုံလောက် ဘာလေး ညာလေး လက်တိုလက်တောင်း လုပ်အားပေးရုံနဲ့ သိပ်ပြီး အားမရသလိုပဲ။ အဲဒီလို အခါမျိုး ဆိုရင်တော့

ကျွန်မ ပြန်ငယ်သွားချင်တယ်။ စာတွေ ပြန်ကျက်ချင်တယ်။ ဆယ်တန်းကို ပြန်ဖြေချင်တယ်။ နောက်ပြီး ဆေးကျောင်း တက်ချင်တယ် ဆိုတဲ့ စိတ်တွေ ကျွန်မ ခဏခဏ ပြန်ဖြစ်သွားမိတယ်။ နောင်တ ဆိုတာ နှောင်းသွားမှသာ ရတတ်တဲ့ အသိစိတ် မျိုးမှာ ယူကျုံးမရ ဖြစ်တဲ့ အထိတော့ မဟုတ်ပေမယ့် နောင်တ ရနေတယ် ဆိုတဲ့ အဖြစ်ကလည်း မလွယ်တာမို့ ကျွန်မ စိတ်ကိုတော့ ဖြေပါတယ်။ တစ်ခါ တစ်ခါ ဆေးခန်းကို ရောက်တဲ့ အချိန်တို့၊ ဆေးခန်းက လူနာတွေကို မြင်ရင်တော့ ဒီစိတ်က နိုးနိုးထလာတတ်လို့ ကျွန်မ ကြိုးစာြး  ဖြေသိမ့်ရင်း ……………………………………………..

ဆရာဝန်ဆိုတဲ့ ဘ၀ကလည်း ကျွန်မ မပိုင်ဆိုင်ခဲ့တဲ့ ဘ၀ဆိုတာကို ပြောရင်း ဒီလောက်နဲ့ လက်စသတ်လိုက်ပါတယ်နော်။
မေသောကြာ
10:45
15.2.12
Myanmar IT Blog

No comments:

Post a Comment