Saturday, May 25, 2024

အချိန်ဆွဲခြင်းအား လေ့လာသုံးသပ်ခြင်း

 ဒီအကြောင်းအရာက ကျွန်မ လက်ရှိဖတ်နေတဲ့ The Productivity Project ဆိုတဲ့ စာအုပ်ရဲ့ အခန်း (၅) မှာ ပါတဲ့ တစ်စိတ် တစ်ပိုင်းသော အကြောင်းအရာပေါ့။ 

အလုပ်ပြီးမြောက်ခြင်း ဝါ အလုပ်တွင်ခြင်း ဆိုတာ ဖြစ်ဖို့ အချိန်မဆွဲဖို့က လည်း အရေးကြီး ပြန်ပါတယ်။ အချိန်ဆွဲတာကို အင်္ဂလိပ်လိုကတော့ Procrastination လို့ ခေါ်တာပေါ့။ ခုခေတ် ဒီစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးလာကြပြီမို့ လူတိုင်းနဲ့ သိပ်မစိမ်းတဲ့ အင်္ဂလိပ် စကားလုံး တစ်လုံးဆိုလည်း မမှားပါဘူး။

လုပ်ရမယ့် အလုပ်ကို မလုပ်ဘဲ ဘာလို့ အချိန် ဆွဲပြီး လုပ်မိတတ်သလဲ ဆိုတာက အဓိက အချက် (၆) ချက် ရှိတယ်လို့ စာရေးသူက ဆိုတယ်။

၁) ပျင်းလို့

၂) စိတ်ပျက်စရာ ဖြစ်နေလို့

၃) ခက်ခဲလို့

၄) အစီအစဉ်တကျ ဖြစ်မနေလို့ သို့မဟုတ် မရေရာတာတွေ များနေလို့

၅) ပုဂ္ဂိုလ်ရေးအရ အဓိပ္ပါယ် မဲ့နေလို့

၆) ကိုယ့်အတွက် ရလဒ်ကောင်း မရှိလို့ (အင်္ဂလိပ်လို အရ တိုက်ရိုက် ဘာသာပြန်မယ်ဆို ကိုယ့်ကိုကိုယ် ဆုချစရာ မရှိနေလို့)။

အပေါ်က အချက် (၆) ချက်ကြောင့် အချိန်ဆွဲမိနေတတ်တယ်လို့ ဆိုတယ်။ ဒီနေရာမှာ ပြောချင်တာက ဒီ (၆)ချက်ပဲ သိသိသာသာ မြင်နေလိမ့်မယ်လို့ ပြောတာ မဟုတ်ဘူး။ ဒီ (၆) ချက် ရဲ့ အုပ်စုဝင် အချက်တွေ ဖြစ်နေလိမ့်မယ်။ နောက်ကြုံမှပဲ ဥပမာ တွေနဲ့ ထပ်ပြောကြတာပေါ့။ 

အဲ့တော့ ကိုယ်က ကိုယ်လုပ်သင့်တဲ့ အလုပ်ကို မလုပ်ဘဲ အခြား အချိန်ဆွဲတာတွေ များနေပြီဆို ဒီအချက်တွေကို ချိန်ထိုးပြီး ဖြည့်စဉ်းစားဖို့ ဒီနေရာမှာ လိုလာပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာက အချိန်ဆွဲတာ တအားများလာပြီ ဆိုရင် သင့်အနေနဲ့ သတိထားမိသင့်တာက သင်ဟာ သင့်ဘဝ မှာ ဖြစ်နေတာတွေက တခြား သင်စိတ်ဝင်စားနေတာ က တခြား ဖြစ်နေတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

မူရင်းစာအုပ်မှာက ဘာလုပ်ပါလို့ ပြောမထားပေမယ့် ဒီနေရာမှာ ကျွန်မ အနေနဲ့ ပြောချင်တာက ဒီကနေ့ အခြေအနေ အရပ်ရပ် အရ များသောအားဖြင့် ကျွန်မတို့တွေမှာ ကိုယ်စိတ်ဝင်စားမှုနဲ့ လုပ်နေရတာတွေက ထပ်တူ မကျဖို့ များနေပါလိမ့်မယ်။ ဒီလို အချိန်မျိုးမှာ ကျွန်မ တို့အနေနဲ့ ခုနက အချက် နံပါတ် ၅ နဲ့ ၆ မှာ ပြောင်းလဲသင့်တဲ့ အကြောင်းအရာတွေ ထပ်ထည့် ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ - ငွေရဖို့ အတွက် လက်ရှိ အလုပ်ကို လုပ်ရတာမျိုးဆို တနင်္လာနေ့ မနက် ရုံးသွားဖို့ ပြင်တိုင်း ခွင့်ယူချင်စိတ် တွေ ပေါ်နေရင် ဘာကြောင့် ဒီအလုပ်လုပ်ဖို့ လိုသလဲ ကို တွေးပေးသင့်တယ်။ လက်ရှိ လုပ်နေရတဲ့ အလုပ်ရဲ့ အားသာချက်နဲ့ ကောင်းချက် တွေကို စာရင်း လုပ်ပြီး သေချာမြင်အောင် ကြည့်ပေးသင့်တာလိုမျိုး လုပ်ပေးသင့်ပါတယ်။

ဒီအလုပ်က ကိုယ့် အတွက် ဆုလာဘ် ဟာ ဘာဖြစ်နိုင်သလဲ။ ငွေကသာလျှင် ဆုလာဘ်ပဲ လို့တော့ မထားစေချင်ဘူး။ ပေါင်းသင် ဆက်ဆံရေးကို သင်ကြားရဖို့လား၊ လုပ်သက် ရဖို့လား အစသဖြင့် ပေါ့။ မလုပ်ချင်သေးဘူးလို့ တွေးလိုက်တိုင်း ဒါမျိုးတွေနဲ့ အစားထိုးပြီး တွေးမယ်ဆို ပိုပြီး အဆင်ပြေလာပါလိမ့်။

နောက်ဆုံး တစ်ချက် အနေ သင့် မမေ့သင့်တာကတော့ အချိန်ဆွဲမိတဲ့ အတွက် ကိုယ့်ကိုကိုယ် အပြစ် မတင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း က အချိန်ဆွဲကြပါတယ်။ အဲ့ဒီ စာအုပ်ကို ရေးသူ ကိုယ်တိုင် အဲ့ဒီ စာအုပ်ရေးသား နေချိန်မှာပဲ အချိန်ဆွဲခဲ့ကြောင်း ဝန်ခံပါတယ်။ အဲ့တော့ ဘာအကျိုးမှ မထူးတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်တာမျိုး မလုပ်မိပါစေနဲ့နော်။

ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ။ 

ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။





Tuesday, July 8, 2014

ပေးမဖတ်ဖြစ်ခဲ့တဲ့စာ

သတိရခြင်းက အတိုင်းအဆမဲ့
လိပ်ပြာလေးလို လွင့်လိုက်
မြူမှုန်လေးလို ဝေ့လိုက်
ရွက်ကြွေတစ်စလို ကြွေကျလိုက်
အမှန်တရားဆိုတာ ဘာလဲလို့မေးတိုင်း
ငါခေါင်းငုံ့ထားတယ်
ဒီအမှန်တရားကို ဖြေရင်ရော
နင်မနှစ်သက်ဘူးမဟုတ်လား ဒီဇင်ဘာ။

Tuesday, July 1, 2014

ပုံတူဖွဲ့တဲ့ ကဗျာ

သခင်.......
ရီပါ၊ ပြုံးပါ၊ ဟားတိုက်ပါ။
သို့သော်ငြား
အခိုက်အတန့် ခဏလောက်
နှလုံးသား တံခါးကို ဖွင့်၍
ငြိမ်သက်စွာ နေပေးပါ။

Friday, March 8, 2013

ဝဋ်ကြွေး


မနေ့တစ်နေ့ကလိုပဲ
ရယ်သံကလေး
ပီပီပြင်ပြင် လွင့်နေဆဲ...

ဒါမလုပ်နဲ့ ဒီလိုမနေနဲ့
ဟုတ်ကဲ့ မနာခံသော်ငြား
အမှတ်အတေး ကတော့ ရှိသေးတယ်...