Sunday, February 12, 2012

အိမ်ပြန်လမ်းလေး လှခဲ့ပြီ အပိုင်း (2)

“ အဘွား ဘာဖြစ်တာလဲ။ ဘာစိတ်ညစ်စ၇ာ ရှိလို့လဲ အဘွားရယ်။ သားကို ပြောပြပါအုံး”

“ အဘွား နေစရာ မဲ့တော့မယ်တဲ့ သားရယ်။ အဘွား သမီးမိုက် ကလေ အဘွား မသိတုန်း ………… အဘွား ခြံကို ရောင်းလိုက်ပြီတဲ့။ မနက်ဖြန် အဘွား ဖယ်ပေးရတော့မယ်တဲ့။ ရင်တွေ နာလွန်းလို့ပါ သားရယ်။ အရမ်း ရက်စက်ကြတယ် သားရယ်”
 အပြည့်အစုံ ဖတ်ရန်

အဘွား အသံတွေ တိမ်ဝင်သွားသည်။ ဟုတ်ပါသည်။ အဘွား ရင်တွေ နာကျင်နေမှာပေါ့။ မွေးရကျိုး မနပ်တဲ့ သားသမီးတွေလို့ မောင်သာမြိုင် ပြောမထွက်။ ရေနစ်သူကို ၀ါးကူထိုးသလိုပင် ဖြစ်လိမ့်မည်။

“ အမေ သားတို့အိမ်မှာ လာနေပါ။ သားတို့ မောင်နှမ အမေလို အိမ်ဦးခန်းမှာ ထားပြီး ပြုစုပါ့မယ် အမေရယ်”

“ မောင်သာမြိုင် အဘွားကို ဘယ်လို ခေါ်လိုက်တယ်”

ဒီလိုခေါ်သံမျိုး မကြားခဲ့ရတာ ကြာပြီမို့ ဒေါ်ငွေမှုံ မယုံကြည် နိုင်သလို မျက်ဝန်းများနှင့် ကြည့်နေမိသည်။ ဘာသွေးမှ မတော်သည့် သူ၊ နောက်ပြီး သားကတောင် ခြံအလုပ်သမကြီးမို့ ရှက်လို့ လာမတွေ့ကြသည့် အဖြစ်မျိုးကို ကြုံရသူမို့ ခုလို ခြံပိုင်ရှင် က သူ့ကို အမေခေါ်တော့ ဒေါ်ငွေမှုံ ၀မ်းသာလွန်းလို့ ငိုရမလို၊ ပြုံးရမလိုနှင့်။

“ ဟုတ်ပါတယ် အမေရယ် ထွေးငယ်တို့နဲ့ တူတူ လာနေပါနော်။ ထွေးငယ် မညည်း မညူ ပြုစုပါ့မယ်နော်”
ဘယ်အချိန်က ရောက်နေမှန်း မသိသည့် ထွေးငယ်ကပါ ငိုသံပါ ကလေးနှင့် ဒေါ်ငွေမှုံရဲ့ လက်အစုံကို ကိုင်ရင်း ပြောနေသည်။

“ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်။ တကယ် နေလို့ ရပါတယ်နော်။”
အသံတွေ တုန်ရီ စွာဖြင့် ဒေါ်ငွေမှုံ မေးတော့ မောင်နှမ နှစ်ယောက် တိုင်ပင် မထားဘဲ ပြိုင်တူ ခေါင်းညိတ်ရင်း ဒေါ်ငွေမှုံကို ဖက်ထားလိုက်ကြတော့သည်။

HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH

သား ရဟန်းခံမှာမို့ ဒေါ်ငွေမှုံ တစ်ယောက် ပျော်တပြုံးပြုံးနှင့်။ အစကတည်းက မြို့သူ သူဌေး သမီး ဘ၀နှင့် ကြီးပြင်းလာရသူမို့  အနည်းငယ် ပြင်ဆင်လိုက်ရုံနှင့် သူဌေးမကြီး တမျှ။ အရင်တုန်းကနှင့် မတူတော့။ သာမြိုင်နှင့် ထွေးငယ်က အမေ၇င်း တမျှ ပြုစုကြရှာသည်။ သူတို့ စေတနာ၊ သူတို့ မေတ္တာတွေက ရောင်ပြန်ဟပ်လိုက် ပုံများ။ ဒေါ်ငွေမှုံ ရောက်ပြီး ကတည်းက စီးပွားတွေက ဒီရေအလား တိုးသည်။ ဒေါ်ငွေမှုံကလည်း သူ့သားနှင့် သမီး အရင်း အလား ဆုံးမ သွန်သင် ချစ်ခင် လိုက်ပုံများ သားအရင်း ခင်မောင်နှင့် သမီး အရင်း ပူစူးမတို့ကို မေ့ထားနိုင်ခဲ့တော့သည်။ ခုလည်းကြည့် မောင်သာမြိုင် ရဟန်းခံတဲ့နေ့ ဒေါ်ငွေမှုံက မိခင်နေရာက ထိုင်ရင်း မျက်ရည်တွေ ၀ဲနေသည်။ မောင်သာမြိုင်ရော၊ ထွေးငယ်ရော  သူတို့အပြင် အဘွားကို တစ်ချိန်လုံး သနား ဂရုဏာ သက်ခဲ့ရသည့် မခင်လှ ပါ ပိတီ မျက်ရည်တွေ ကိုယ်စီနှင့်။

ဒီလို ၀ါကျွတ်အလှူပွဲများ သုံးခါလောက် ပြုလုပ်ပြီး ချိန်တော့  အရွယ် ဇရာ ထောက်လာလေသော ဒေါ်ငွေမှုံ တစ်ယောက် ကျန်းမာရေး ချို့ယွင်းစ ပြုလာသည်။ ကျန်းမာရေး တစ်ရှောင်ရှောင် ဖြစ်လာသည့်ကြားထဲ သတင်းဆိုး တစ်ခု ၀င်လာတော့ ပိုဆိုးပြီပေါ့။ သမီး အရင်း ပူစူးမ မီးမဖွားနိုင်ဘဲ ဆုံးပါး သွားသည်တဲ့။ ထွေးငယ်တို့ မောင်နှမ နှစ်ယောက် ဖုံးထားသည့်ကြားက ဘယ်ကဘယ်လို ကြားသွားသည် မသိ။ ထွေးငယ်တို့ မောင်နှမ တိုင်ပင်ရတော့သည်။ သို့သော် သူတို့ တိုင်ပင်သည့် ကြားထဲကပင် ဒေါ်ငွေမှုံ အခြေ အနေက ပို၍ပင် ဆိုးဆိုး လာသည်။ အစားတောင် ကောင်းကောင်း မ၀င်တော့။ နောက်ဆုံးတော့ မောင်နှမ နှစ်ယောက် ဆုံးဖြတ်ပြီး ဒေါ်ငွေမှုံကို မြို့က ဆရာဝန်ဆီ မှာပြဖို့ ဆုံးဖြတ် လိုက်ကြတော့သည်။

“ သားနဲ့ သမီး တို့ကို အမေ ပြောစရာရှိတယ်”

“ထွေးငယ် တို့လည်း ပြောစရာ ရှိတယ် မေမေ။ ဒါပေမယ့် မေမေ ပြောပြီးမှ ပဲပြောမှာပါ”

ထွေးငယ်က အငယ်ပီပီ သွက်သွက် လက်လက်နဲ့ ပြောလိုက်သည်။

“ အမေ ဒီကိစ္စ အတွက် အများကြီး စဉ်းစားပြီးပြီ။ အမေ့ ဆုံးဖြတ်ချက်ကို သားနဲ့ သမီးလည်း လိုက်နာလိမ့်မယ်လို့ ထင်တယ်။ ”

သက်ပြင်းရှည် တစ်ချက် ချရင်း ဒေါ်ငွေမှုံ ပြောမယ့် စကားကို မောင်နှမနှစ်ယောက်လုံး စိတ်ဝင်စားနေကြသည်။

“ အမေ့ကို မြို့က ဘိုးဘွားရိပ်သာကို ပို့ပေးပါ ”

“ရှင်” “ ခင်ဗျာ”

ရုတ်တရက်မို့ မောင်နှမ နှစ်ယောက် စလုံး မှင်သက် သွားမိသည်။ ထွေးငယ်က အသိ ၀င်ဝင်ချင်း ဒေါ်ငွေမှုံ ခြေရင်း ဒူးတုပ် ထိုင်ရင်း လက်အုပ်ကလေး ချီကာ

“ အမေ သမီး ပြုစုတာ ဘာလိုအပ်လို့လဲဟင်။ သမီး အမေ့ကို ဘာများ ပြစ်မှားမိလိုက်လို့လဲ။ အမေ မကျေနပ်တာကို သမီးကို ပြောပါနော်။ ဒါပေမယ့် အမေ ဒီလို ထွက်သွားဖို့တော့ မလုပ်ပါနဲ့ အမေရယ်နော်။ ”

သာမြိုင်ကတော့ တည်ငြိမ် ရင့်ကျက်သူမို့ ဒေါ်ငွေမှုံ ဆက်ပြောမယ့် အကြောင်းအရာတွေကို မျှော်လင့် နေသည့် ပုံဖြင့်သာ မျက်ရည်ဝဲသည့် မျက်လုံး များဖြင့် ကြည့်နေသည်။

“ အို သမီးရယ်။ အမေ့ သမီးလေးက လိမ္မာပြီးသားပဲ။ အမေ့ကို ပြုစုတာ တာဝန်ကျေပါတယ် သားေ၇ာ သမီးရော။ ပြုစုသင့်တာထက်တောင် ပိုနေပါသေးတယ်။ သမီးတို့ မကောင်းလို့ အမေ ထွက်သွားဖို့ ပြောတာ မဟုတ်ပါဘူးကွယ်။ အမှန်တော့ အမေ သွားသင့်တဲ့ နေရာပါ။ သမီးတို့နဲ့ မတွေ့ခဲ့ရင် အမေ အစောကြီး ကတည်းကေ၇ာက်သင့်နေတဲ့ နေရာပါကွယ်။ ဒါပေမယ့် သွားရမယ့် အခြေ အနေချင်းသာ မတူတော့တာပါ။”

“ အမေ သားကို သွားချင်ရတဲ့ အကြောင်း ပြချက်ပေးပါ အမေ။ ဒါဆိုသား သွားခွင့် ပေးမယ် အမေ။ ဒါပေမယ့် အမေ ကျန်းမာရေး ပြန်ကောင်းမှပဲ သွားရမှာနော်”

“ အင်းပါ သားရယ်။ အမေ ပြောပြမယ် ဟုတ်ပြီလား။ ဘာလို့ အမေ သွားချင်ရတာလဲ ဆိုတော့လေ…………………………………………”
HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH
အောင်မလေး ဘုရား ဘုရား။ ဒေါ်ငွေမှုံ ဘုရားတရင်း သူ့ရင်ဘတ်ကို ပြန်ဖိထားလိုက်မိသည်။ သတိကောင်းသူမို့သာ မဟုတ်ရင် ဒီနေရာမှာတွင် ပုံလျက်သား လဲသွားနိုင်သည်။ ပူစူးမ မီးမဖွားနိုင်လို့ ဆုံးပြီတဲ့။ ဒီနေ့မှ သာမြိုင်နှင့် ထွေးငယ်ကို ထမင်းချိုင့်ပို့ပေး ချင်မိနေသည်မို့ ဒေါ်ငွေမှုံ စိုက်ခင်းကို လာမိသည်။ သူစိုက်ခင်းထဲ အေ၇ာက် သာမြိုင်တို့ မောင်နှမကို ရန်ကုန်က ပြန်လာသည့် ခင်လှက ပြောနေသည်။ အမေမသိစေနဲ့နော်ဟု မောင်သာမြိုင် မခင်လှကို မှာနေသံ ကြားသည်မို့ ဒေါ်ငွေမှုံ တိတ်တဆိတ်သာ စိုက်ခင်းဆီက ပြန်လာမိသည်။ တော်ပါသေးသည်။ စိုက်ခင်းအ၀က ညောင်ပင်ကြီးနောက်တွင် ရှိနေသည်မို့ ဒေါ်ငွေမှုံ ရောက်လာသည်ကိုရော ပြန်သွားသည်ကိုေ၇ာ ဘယ်သူမျှ မသိလိုက်ကြချေ။ သို့သော်လည်း ညဘက် ဒေါ်ငွေမှုံ ဘုရားရှိခိုး အမျှဝေတော့စဉှ် ပူစူးမအာုး အမျှဝေသံကို ကြားတော့မှ မောင်နှမနှစ်ယောက်လုံး မမေးဘဲနှင့် သိလိုက်ကြသည်။ ဒေါ်ငွေမှုံ တစ်ယောက် ပူစူးမ သေဆုံးသွားသည်ကို တစ်စုံ တစ်ယောက် ထံမှ သိရှိသွားပြီ ဟုသာ……………………………….

ထိုစိတ်က့ ဒေါ်ငွေမှုံ စိတ်ပင်ပန်းစေခဲ့သည်။ သူ့ဘ၀ကို သူပြန်သုံးသပ်ကြည့်သည်။ သူသားသမီးတွေ အကြောင်း ပြန်စဉ်းစားကြည့်သည်။ သြော် အသက်၇ှင် ထင်ရှားရှိသေးသည့် သားကလည်း မိန်းမသဘောအရ အမေ သေသေရှင်ရှင် လှည့်မကြည့်ဘဲ အမေကို ပစ်ထားခဲ့သည်။ အဖေဆုံးပြီးတည်းက လူတစ်လုံး သူတစ်လုံး ဖြစ်စေရန် ပြုစုပျိုးထောင်ခဲ့သည့် မုဆိုးမ အမေကိုပင် အားမနာ နေနိုင်ရက်လွန်း သည်ဟု တွေးရင်း ဒေါ်ငွေမှုံ မျက်ရည်ကျမိသည်။ ဖတဆိုး သမီး အငယ်ကရော ပညာကို ဟုတ်တိပတ်တိ ဖြစ်အောင်  မသင်ဘဲ ယောကျာင်္း ယူသွားသည်။ လင်ဆိုးမယား တဖားဖားနဲ့ အရက်သမား ယောကျာင်္းရဲ့ အရက်ဖိုး အတွက် လုပ်သင့်လား မလုပ်သင့်လား မသိဘဲ အမေ နေသည့် ခြံကိုပင် ရောင်းပစ်ခဲ့သည်။ အမေကို လက်လွတ်စပယ် ထားခဲ့သည်။ ငွေကိုတော့ လင်သားအတွက် ယူသွားခဲ့သည်။ သူ့ အပြစ် သူသိသည် ထင်။ ထိုအချိန်မှ စ အမေကို လာမတွေ့တော့။ မျှော်သာ မျှော်သောလည်း မပေါ်လာကြတော့သည့် သူ့ သားသမီးတွေ အကြောင်း တွေ့းမိတော့ ရင်ထုမနာ အကြိမ်ကြိမ် ဖြစ်ခဲ့ရတော့သည်။

သြော် ကံတရားကတော့ သူ့ကို မျက်နာသာ ပေးခဲ့သည်ထင် ထိုသားနှင့် သမီး နေရာမှာ သူ့ကို အမေအရင်း တမျှ ချစ်သည့် မောင်နှမ နှစ်ဦး နှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ ထို မောင်နှမ နှစ်ဦးသာ မရှိလျှင် လမ်းဘေးတွင် နေ လမ်းဘေးတွင် ပင် သေရမည့် ဘ၀။ သို့သော်လည်း ဒီမေတ္တာတွေနှင့် အချိန်ကုန်လျှင်တော့ မဖြစ်သေးဘူးဟု တွေးမိပြန်သည်။ ဘာပဲပြောပြော ဒီအရွယ်က ဘ၀နေ၀င်တော့မည် အချိန်ပင် မဟုတ်ပါလား။ သံယောဇဉ် အမျှင်တန်းလျှင်ဖြင့် မတွေးရဲစရာ သံသရာ ၀ဲဂယက်ထဲ နစ်မြှုပ်ရုံသာ ရှိတော့သည်။ ဘာလုပ်သင့် သလဲ။ အကြိမ်ကြိမ်တွေးတော့ အဖြေက ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။

“ သားတို့ အမေ့ကို ပို့ပေးပါ။ အမေ ဘိုးဘွားရိပ်သာမှာ အမေ လုပ်ပေးနိုင်တာလေး လုပ်ပေးမယ်။ တရားအားထုတ်တဲ့ အချိန်ကျ တရား အားထုတ်မယ်။ နောက်ပြီး သူတို့အတွက် အမေ စိတ်ဓါတ်အားပေးမယ်။ ”
“ အမေ စိတ်ဓါတ် အားပေးမယ် ဟုတ်လား”
“ ဟုတ်တယ် အမေ က သားသမီး အရင်းတွေ ဆီက မရတဲ့ မေတ္တာကို ကံကောင်းလွန်းလို့ ဟောဒီက သားနဲ့ သမီးဆီက ရတယ်။ သူတို့ ကျတော့ မရနိုင်ကြဘူးလေ။  အမေရခဲ့ ဖူးတဲ့ ဒီမေတ္တာကို သူတို့ဆီ မျှဝေပေးမယ်လေ။ အမေလည်း ကုသိုလ်ရ သားနဲ့ သမီးလည်း ကုသိုလ် ရမှာပါကွယ်။ အမေ အနီးမှာ မရှိတော့ပေမယ့် ကိုယ်သာမရှိတာ စိတ်ကတော့ အမြဲ ရှိနေမှာပါကွယ်”
ဒေါ်ငွေမှုံ ပြောသည်က တ၇ားနည်းလမ်းကျသည်မို့ ထွေးငယ်ကတော့ ငိုင်နေရှာသည်။ မောင်သာမြိုင် ကတော့ ခေါင်းတညိတ်ညိတ်နှင့် အဖြေတစ်ခုကို တွေ့၇ှိသွားသလိုပုံနှင့်……………………………..

                                       HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH

သုံးနှစ်ခန့်ကြာသော်…………..

နံနက်ခင်း မိုးသောက် အလင်းရောက်လို့ အဘိုးနှင့် အဘွားများ နံနက် ဘုရား ၀တ်တက်ပြီးလို့ နံနက်စာတောင် စားပြီးကြပြီ။ အချို့ အဘိုးနှင့် အဘွားက အဆောင်ရှေ့မှာ လမ်းလျှောက်နေစဉ်၊ အချို့က အဆောင်က စာအုပ်ဖတ်သူဖတ်၊ တရားနာသူနာနှင့် ကိုယ်ဝါသနာ ပါရာ အလုပ်များ လုပ်နေကြစဉ်တွင် အဘွားတစ်ဦးကတော့ ဘိုးဘွားရိပ်သာ အ၀င်ဝကို လှမ်းမျှော်ကြည့်ရင်း တစ်ဦးတစ်ယောက်ကို မျှော်နေ သယောင်။ ထိုစဉ် ကားတစ်စင်း ၀င်လာတော့ အဘွားက အပြေးလေး လှမ်းသွားသည်။

“ အဲဒါကြောင့် အမေ့ကို လာမယ်လို့ ကြိုမပြောချင်တာ။ ဒီရက်ပိုင်း ရာသီဥတုက အေးနေပြီလေ။ အမေ အအေးမိတော့မှာပဲ”
“ ညီမလေး အမေ့ကို ဒီလို မပြောရဘူးလေ”
“ ရပါတယ် သားရယ်။ အမေ့ သမီးလေး ပြောပါစေ။ ဒီမှာ အမေကလည်း သမီးတို့ ကြိုမပြောလဲ သိပြီးသား သမီးတို့ ဒီနေ့ဆို လာမယ် ဆိုတာ”

ထွေးငယ်က ပါးချိုင့်လေး ပေါ်အောင် နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ ဒေါ်ငွေမှုံကို ကြည့်ရတာ အရင်ကထက် ပိုတောင် ကျန်းမာနေသလိုပင်။ မေးစရာပင် မလို ဒေါ်ငွေမှုံ အတော်လေး ပျော်နေသည်။

“ အမေ သားတော့ ဒီနေ့ ညမအိပ်တော့ဘူးနော်။ နေ့လည်လောက် ပြန်မယ်။ မာလာက မွေးရက်နဲ့ နီးနေပြီမို့ သား………….”

“ရပါတယ် သားရယ် ပြောစရာတောင် မလိုပါဘူး။ မာလာကိုသာ ဂရုစိုက်ပါ သားရယ်။”

 သြော် မောင်သာမြိုင် တောင် ကလေး အဖေကြီး ဖြစ်တော့မှာပါလား။ ဒီလောက် သိတတ်တဲ့ကလေး သားသမီး ကံကောင်းပါစေဟု ဆုတောင်းပေးစရာပင် မလိုဟု ဒေါ်ငွေမှုံ တွေးရင်း ထွေးငယ်ကို ကြည့်လိုက်တော့ ကားပေါ်က စတော်ဘယ်ရီ ခြင်းတွေနှင့် အဘိုး အဘွားတွေအတွက် ယူလာသည့် အနွေးထည် အထုပ်များ ချနေသည်။ သူကတော့ အိမ်ထောင်မပြုဘဲ ဒီရိပ်သာက အဘိုး အဘွားတွေနှင့် အတူ ပြုစုရင်း လာနေမည်ဟု ပြောနေသည်။

“ညီမလေး အမေ့ကို ခေါ်ပြီး အထဲဝင်တော့လေ။ အကို မောင်ညိုနဲ့ အထုပ်တွေ ထားပြီး လာခဲ့မယ်”

“ ဟုတ် ညီမလေးလဲ အဘိုးတွေ အဘွားတွေ ကို နှုတ်ဆက်ချင်နေတာနဲ့ အတော်ပဲ”

အဆောင်ထဲကို ဒေါ်ငွေမှုံနှင့် ထွေးငယ် ၀င်သွားတော့ အဆောင်တွင်းက လှုပ်လှုပ်ရှားရှား အသံများ ကြရသည်။ သူတို့ကို အရေးတယူနှင့် ဂရုစိုက်ပေးသည့် သားသမီး နှစ်ဦး လာပြီ ဆိုတော့ မိခင်တွေ ဖခင်တွေ ပျော်ရွှင်ကြတာ မဆန်းလှပါဘူး။ အဆောင် အပြင် မှာတော့ မောင်သာမြိုင်က ရိပ်သာ အတွင်းရှိ ပြုပြင် စရာများ လိုအပ်သည်များကို စာရင်း မှတ်နေသည်။ ဒီရိပ်သာက ဒေါ်ငွေမှုံ ရောက်ပြီးမှ ပိုပြီး စည်ကား လာသည် ထင်ရသည်။ ဒေါ်ငွေမှုံက သက်တူ ရွယ်တူ ဘိုးဘွား တွေကြား တရားမှတ်လိုက် တရားဆွေးနွေးလိုက်နှင့်။ မောင်သာမြိုင်တို့ မောင်နှမ ကလည်း ရိပ်သာကို အားလပ်ရက်တိုင်း ပုံမှန် လာတတ်သည်။ နောက်ပြီး ဘိုးဘွားတွေ အတွက် တရားပွဲတွေ ပုံမှန် ကျင်းပပေးနိုင်ရန် ကြိုးစားပေးသည်။ နောက်ပြီး ဘိုးဘွားတွေ အတွက် သားလို သမီးလိုနှင့် မေတ္တာ ငတ်နေသည့် ဘိုးဘွားများကို မေတ္တာတွေ အပြည့်အ၀ဖြင့် လာရောက် ပြုစုပေးတတ်ကြသည်။ ဘိုးဘွား၇ိပ်သာ တစ်ခုလုံးကို မေတ္တာများ စေတနာများ ၀န်းရံလျက် ရှိသဖြင့် ရာသီဥတု အအေးထုက ဖောက်ထွင်းဝင်နိုင်စွမ်း ပင် မရှိနိုင်တော့ပေ။

ဘ၀ကျောင်းမှာ စာသင်လို့ပြီးတော့ နေ၀င်မိုးချုပ်လို့ အိမ်ပြန်ရတော့မယ် အချိန် နောင်တကင်းကင်း ပူပင်မှု ဝေးဝေး နှင့် ပျော်ရွှင်စွာ ထွက်ခွာသွားနိုင်ဖို့ အရေး ဘယ်သူ့ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ လွှဲချမယ့် အစား ကိုယ်နိုင်သလောက် ကိုယ်နိုင်တဲ့ တာဝန် ယူကြတဲ့ အခါ  အိမ်ပြန်လမ်းတွေ ဖြောင့်တန်းစွာနဲ့ အေးချမ်းစွာ ပြန်နိုင်ကြတော့မှာမဟုတ်ပါလားရှင်…………………………………………………………….

ဝေဖန်အားပေးမှုများကို စောင့်မျှော်လျှက်
ဆက်လက်ကြိုးစားပါဦးမည်
မေသောကြာ
Myanmar IT Blog

No comments:

Post a Comment