Tuesday, July 24, 2012

အချစ်ဆိုတဲ့ အရာ

ပျော်တပြုံးပြုံးက ခဏကလေးရယ်
အဆွေးအလွမ်းတွေက
ဘ၀မှာ လာလာအုံ့မိုးနေတယ်

သူရှိတဲ့ အရပ်
အလွမ်းတွေ တနင့်တပိုး ထမ်းပိုးပြီး
စိတ်ကတော့ ပြေးပြေးသွားတယ်
ဒါပေမယ့် ကံကြမ္မာကတော့
သူနဲ့ဝေးဝေးမှာ ကျောက်ချလို့ ကောင်းတုန်းပဲ။


သူ့အတွက် ကိုယ်
အပြုံးကလေးတစ်ပွင့်
ဖြစ်ဖူးချင်တာ သူမသိချင်နေပါ့စေ

သူ့အတွက် ကိုယ်
အလျှံတညီးညီးနဲ့ လောင်ကျွမ်းတဲ့နေမင်းကြီး
ဖြစ်ချင်တာ သူမသိချင် နေပါ့စေ

သူအမှတ်မထင်
ပျိုးခဲ့တဲ့ သမုဒယပန်းတွေ
ကိုယ်ရင်ထဲ တခမ်းတနားပွင့်နေတာ
သူမသိချင် နေပါ့စေ

ကိုယ်က သူ့အတွက်ဆို
နားခိုရာကလေး
မှီတွယ်ရာကလေး
ဖြစ်ချင်နေတယ် ဆိုတာ သိစေချင်တယ်

ကိုယ်က သူ့အတွက်
ဒိုင်းကလေးလို
ထီးကလေးလို
သစ်ပင်လေး တစ်ပင်လို
အကာအမိုး ပေးချင်တာမျိုး သိစေချင်တယ်

တကယ့် တကယ်မှာတော့
သူမသိတဲ့ ကိုယ့်ဘဝ
ပေးဆပ်မှု တသီတတန်းနဲ့
ပင်ပန်းလှပေါ့

အဲ့အတွက် ကိုယ့်အဘိဓာန်ထဲ
တေးမှတ်ထားလိုက်တယ်
အချစ်ဆိုတာ ၀ဋ်နာကံနာ………………

မေသောကြာ
၁၂.၇.၁၂
Myanmar IT Blog

No comments:

Post a Comment