Friday, December 2, 2011

ကောင်မလေးရဲ့ ဒဏ္ဍာရီ

ဒီရက်ပိုင်း ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းဆီက မေးလ်တွေတိုင်းမှာ သူမအသည်းကွဲနေတဲ့ အကြောင်းတွေချည်းပဲ တွေ့နေရတယ်။ အရင်လို ပျော်ပျော်ရွှင်ရွှင် အကြောင်းအရာတွေ မပါတော့ဘဲ စိတ်ညစ်စရာ တွေနဲ့ သူမသေချင်တယ်ဆိုတာတွေချည်းပဲ ပါနေတယ်။ ကျွန်မလည်း အစကတော့ ပေါ့ပေါ့တန်တန် ပဲအောက်မေ့ထားပေမယ့် ကျွန်မသူငယ်ချင်းရဲ့ အခြေအနေက ပိုပိုပြီးဆိုးဝါးလာကို တွေ့ရတော့ကျွန်မလည်း စိတ်ပူလာတယ်။ ကျွန်မဘယ်လို အားပေးစကားပဲ ပြောပြော သူမက အနုတ်လက္ခဏာ သဘောဆောင်တဲ့ စကားလုံးတွေနဲ့သာ တုံ့ပြန်လာတော့ ကျွန်မလည်း သူမအတွက် အားဆေးတစ်ခွက် ဖြစ်မယ်ထင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြလိုက်တယ်လေ။

ဇာတ်လမ်းထဲမှာ ကောင်လေးနဲ့ ကောင်မလေးက ချက်တင်လို့ခေါ်တဲ့ 21ရာစု မြှားနတ်မောင်ရဲ့ အစွမ်းကြောင့် စတင်တွေ့ဆုံခဲ့ကြတယ်လေ။ အဲဒီအချိန်မှာ ကောင်လေးက နိုင်ငံရပ်ခြားတစ်နေရာမှာ ပညာသွားသင်နေတာပါ။ ကောင်မလေးကလည်း နိုင်ငံခြားသွားဖို့ကြိုးစားနေသူပါပဲ။ ဒါပေမယ့် ကောင်မလေးက ကောင်လေးလို ပညာသင်ဖို့ မဟုတ်ပါဘူး။ မိသားစု စားဝတ်နေရေးအတွက် စီးပွားသွားရှာမှာပါ။ သူတို့နှစ်ယောက် ခင်တာ ကြာသလောက်ရှိတဲ့အချိန်မှာ ကောင်လေးက ချစ်ခွင့်ပန်တယ်။ ကောင်မလေးလည်း သူငယ်ချင်း သံယောဇဉ် လည်းရှိပြီးသားမို့ ကောင်လေးကို လက်ခံလိုက်တယ်။ သူတို့နှစ်ယောက် ချစ်ပြီးသိပ်မကြာပါဘူး ကောင်မလေးလည်း အလုပ်ရလို့ နိုင်ငံခြားကို သွားရတယ်။ နိုင်ငံခြားဆိုပေမဲ့ သူတို့နှစ်ယောက်က တစ်နိုင်ငံစီပါ။ သူတို့နှစ်ယောက်လုံးကို ပင်လယ်ကြီးက ခြားထားဆဲပါ။

ကောင်မလေးနိုင်ငံခြားကို ရောက်တော့ ကောင်လေးက ကောင်မလေး အားငယ်မှာ စိုးလို့တဲ့ အလုပ် ဆင်းချိန်တိုင်း ဖုန်းလှမ်းဆက်တယ်။ ကောင်မလေး အလုပ်သွားခါနီးတိုင်း ဖုန်းလှမ်းဆက်တယ်။ မိန်းခလေးဆိုတာ စိတ်နုတတ်သူဖြစ်တာရယ်၊ မိသားစုနဲ့ ခွဲနေရတာရယ်ကြောင့် ကောင်လေးကို ပိုလို့သာ သံယောဇဉ်တွေတိုးမိနေတော့တယ်။ အကျဉ်းချုံးပြီးပြောရရင်တော့ ကောင်မလေးဘက်က အရူးအမူး ဖြစ်နေချိန် လည်းရောက်ရော ကောင်လေးက ကောင်မလေးကို မက်ဆေ့ခ်ျလေး တစ်စောင်နောက်ဆုံးပို့ပြီး အဆက်အသွယ် ဖြတ်လိုက်တယ်။ သူ့ကိုမိသားစုက မြန်မာပြည်ကို ပြန်လာခိုင်းပြီး မိန်းမပေးစားတော့မှာမို့ သူ့ကိုမေ့လိုက်ပါ တော့တဲ့။

အဲဒီမက်ဆေ့ခ်ျကို ကောင်မလေးလည်း ရရော ရူးပြီပေါ့။ ထမင်းလည်း မစားနိုင်တော့ဘူး။ အလုပ်ထဲမှာလည်း စိတ်မပါတော့ဘူး။ နိုင်ငံခြားမှာ ဆိုတာက သူ့တို့အလုပ်ကို ကောင်းကောင်းမလုပ်ပေးနိုင်ရင် ဒီအလုပ်သမားမျိုး အလိုမရှိဘူး။ ကောင်မလေးလည်း မြန်မာပြည်ပြန်ရမယ့်ကိန်းကို ဆိုက်လာတော့တာပေါ့။ အဲဒီအချိန်မှာ ကောင်မလေး စဉ်းစားလိုက်တယ်။ သူမပြန်ခင် ကောင်လေးရဲ့ အသံကို ကြားချင်တယ်ပေါ့။ ကောင် မလေးက သူ့ရှိတဲ့ပိုက်ဆံလေးကို ခြစ်ချုတ်ပြီး ကောင်လေးဆီကို ဖုန်းဆက်လိုက်တယ်။ ကောင်မလေးဖုန်းဆက် တော့ ကောင်လေးရဲ့ သူငယ်ချင်းဆိုသူပဲ ဖုန်းကိုင်တယ်။ ကောင်လေးကတော့ စိတ်ညစ်လို့အရက်တွေမူးပြီး အိပ် နေတယ်တဲ့။ ကောင်မလေးက ကောင်လေးအကြောင်းတွေမေးပြီး ဖုန်းချခါနီးမှာ ကောင်လေး သူငယ်ချင်းရဲ့ စကားကြောင့် သွေးပျက်မတတ်ခံစားလိုက်ရတယ်။ ကောင်မလေးရဲ့ သိက္ခာကို တစ်စစီချိုးဖဲ့လိုက် သလိုပါပဲ။

ကောင်မလေး အဲဒီစကားကြားပြီးချိန်က စလို့ အသည်းကွဲတယ် ဆိုပြီး မငိုတော့ဘူး။ ကောင်လေးကို လွမ်းတယ် လို့လည်း မပြောတော့ဘူး။ အလွမ်းသီချင်းလည်း မဆိုတော့ဘူး။ ဘ၀ကို အရှုံးမပေးဘဲ သူကြိုးစားတယ်။ သူပင်ပန်းလွန်းလို့ ပခုံးတစ်စုံကို မှီခိုချင်လာတိုင်း သူ့မေတ္တာကို အစော်ကားခံခဲ့ရတာကို မမေ့ခဲ့ဘူး။ အခုချိန်ထိ ကောင်မလေး ကြိုးစားနေဆဲပါပဲ။ သူရောက်ချင်တဲ့ပန်းတိုင်ဆီကို လျှောက်လှမ်းနေဆဲပါပဲ။ ဘ၀ကို သူမခုထိ အံတုရင်း အချိန်ဆိုတဲ့ သမားတော်ရဲ့ လက်ထဲမှာ အသည်းကွဲတဲ့ ဒဏ်ရာကို ကုစားနေဆဲပါပဲ။ သို့သော်လည်း ကောင်မလေးရဲ့ နှလုံးသားထောင့် တစ်နေရာမှာတော့ ကောင်လေးကို ချစ်တယ်ဆိုတဲ့ စကားသံတွေ မြည်ဟီးဆဲပါပဲ။

ဇာတ်လမ်းဆုံးသွားတော့ ကျွန်မသူငယ်ချင်းက မေးတယ်။ ကောင်လေးသူငယ်ချင်းက ဘာပြောလိုက်လို့ အဲဒီလိုမျိုး ကောင်မလေးပြောင်းလဲသွားရတာလဲတဲ့။ သူသိပ်သိချင်နေပုံပါပဲ။ ကျွန်မပြန်ဖြေလိုက်တယ်။ ကောင်လေး သူငယ်ချင်းက ကောင်လေးက ကောင်မလေးကိုလည်း ချစ်တယ်။ သူ့အိမ်က ပေးစားမယ့် မိန်းမကိုလည်း ချစ်တယ်တဲ့။ သူ့အိမ်က ပေးစားမယ့် မိန်းမက ကောင်လေးရဲ့ ငယ်ရည်းစားတဲ့။ ဘယ်သူ့ကို လက်ထပ်ရမှန်း မသိဘူးတဲ့။ အဲဒီတော့ ကောင်လေးက နင့်ကိုပြောမထွက်လို့တဲ့ သူလက်ထပ်ပြီးလည်း ကောင်မလေးကို အခုအတိုင်းပဲ ချစ်သူဘ၀နဲ့ပဲ ဆက်ရှိစေချင်တာတဲ့။ ခောတ်စကားနဲ့ပြောရင်တော့ ကောင်မလေးကို ဒုတိယအိမ်သူအနေနဲ့ပေါ့။ အဲဒီ စကားက ကောင်မလေးကို အဆုံးထိ စိတ်ဆင်းရဲစေနိုင်ခဲ့သလို ယိုင်လဲတော့မယ့် သူမရဲ့ဘ၀ကို ထောက်တိုင်တစ်ခု အနေနဲ့ တွန်းတင်ပေးနိုင်ခဲ့တယ် ဆိုတာပါပဲ။

ကျွန်မပြောလို့လည်း ဆုံးရော ကျွန်မသူငယ်ချင်းက ကျေးဇူးပါပဲတဲ့။ အဲဒီနောက်ပိုင်း သူ့ရဲ့အသည်းကွဲ ဇာတ်လမ်းနဲ့ မေးလ်တွေ ကျွန်မဆီကို ရောက်မလာတော့ပါဘူး။ တစ်ပတ်လောက်နေတော့ သူ့ဆီက မေးလ်ရတယ်။ သူလည်းကောင်မလေးလိုပဲ အလွမ်းကို နာစရာတွေနဲ့ ဖြေလိုက်တယ်တဲ့။ ကြိုးစားရခက်ခဲပေမယ့် အဲဒီနာစရာတွေကို သူ့ရဲ့အားမာန်တွေ အနေနဲ့ အသုံးချနေတယ်တဲ့။ အသည်းကွဲတာ မပျောက်သေးပေမယ့် သတ်သေချင်လောက်အောင်တော့ မဖြစ်တော့ဘူးတဲ့။ ကျွန်မလည်း ၀မ်းသာကြောင်း ပြန်ပြောလိုက်မိပါတယ်။ ကျွန်မလည်း သူ့အသည်းကွဲဒဏ်ရာပျောက်ပါစေလို့ ဆုတောင်းရင်း…….

PS……. ကျွန်မ သူငယ်ချင်း မသိလိုက်တာကတော့ ကောင်မလေးဆိုတာ……………………………..။

ချစ်သူ၏ စွန့်ပစ်ခြင်းမှ ကင်းဝေးကြပါစေ။

အားပေးမှုကို စောင့်မျှော်လျှက်

မေသောကြာ

Myanmar IT Blog

No comments:

Post a Comment