Friday, December 2, 2011

ဘုရားပေးတဲ့ဆု


မှတ်မှတ်ရရ ပြောရလျှင် သူကကျွန်မထက် နိုင်ငံခြားကို ၈လနောက်ကျပြီးမှ ရောက်လာခဲ့သည်။ သူမရောက်လာခင် အတောအတွင်း ကျွန်မတစ်ယောက် ဘာမှန်းမသိသော လူများကြားထဲ တစ်ယောက်ထဲ နေလာခဲ့ရသည်။ ထိုလူမျိုးများ ရီလျှင် ကျွန်မလိုက်ရီသည်။ သူတို့တွေ ထမင်းစားဖို့ ပြင်လျှင် ထမင်းစားချိန် ရောက်မှန်းသိသည်။ အ`နေသလို နားမကြားသလိုနှင့် အတော်ပင် အူကြောင် ကြောင်နိုင်လှသည်။ အလုပ်လုပ်နေသော်လည်း ကျွန်မစိတ်တွေ မြန်မာပြည်ကို ရောက်နေသည်။ တစ်ခါတစ်ရံ တစ်ယောက်တည်း စကားပြောနေတတ်သည်။ တစ်ယောက်တည်း အိမ်ကို လွမ်းလို့ ငိုနေတတ်သည်။ အလုပ်ချိန်ုပြီးတော့လည်း စိတ်မပါသလိုနှင့် ပြန်ရပြန်သည်။ တကယ်ကို ကျွန်မအတွက် ငရဲခန်း တစ်ခုပင်ဖြစ်သည်။

သူရောက်လာတော့ အတော်လေး ပျော်မိသည်။ ကလေးတစ်ယောက် အရုပ်တစ်ခုကို လက်ဆောင်ရလိုက်သည့် အခါ ဖြစ်သည့် စိတ်ခံစားချက်နှင့်တူသည်။ သူသည် ကျွန်မလက်အောက်တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ သို့သော် သူက ကျွန်မထက် 2နှစ်မျှပင်ကြီးသည်။ သူနှင့်ကျွန်မကို လူမျိုးတူခြင်းမို့် အလုပ်တွင် အတူလုပ်ရရုံသာမဟုတ် အဆောင်တွင်လည်း တစ်ခန်းတည်း အတူနေရသည်။ ထိုအချိန်မှ စကာ သူနှင့် ကျွန်မတို့ 24နာရီလုံးလုံး မတွေ့ချင်မှ အဆုံးဖြစ်လာကြသည်။

ကျွန်မနှင့်သူ သွေးထွက်သံယို ဖြစ်သည်အထိ ရန်ဖြစ်ဖူးသည်။ ကျွန်မနှင့်သူ သူများအမြင်ကပ်လောက် အောင်လည်း ချစ်ကြဖူးသည်။ သူအိပ်လျှင် အလွန်အမင်းဟောက်တတ်သော်လည်း ကျွန်မအိပ်မပျော်သည့် အခါ ထိုအသံကိုပင် ချော့သိပ်နေသည်ဟု ထင်မှတ်ဖူးသည်။ ကျွန်မက အလွန်ယောင်တတ်သည်။ သူအိပ်မပျော်သည့် အခါလည်း ထိုကဲ့သို့ပင် နှလုံးသွင်းကာ နေသည်။ ကျွန်မနှင့်သူ အင်္ကျီဆင်တူဝတ်ကာ ပဲများဖူးသည်။(ပဲအများလွန်ကာ ရင်းဂစ် 50ကျပျောက်လို့ ညညဉ့်နက်သည် အထိ ဘောလုံးကွင်းထဲ ရှာကြရသည်။)ကျွန်မနှင့်သူ ဖရဲသီးကို ထမင်းလွတ်စားဖူးကြသည်။ ကျွန်မနှင့်သူ အိမ်ကိုလွမ်းလို့ မျက်နှာချင်းဆိုင်ငိုခဲ့ဖူးသည်။

ကျွန်မကို တစ်ခါတစ်ရံ အမေလိုဆုံးမတတ်သည်။ အမလို အလိုလိုက်သည်။ သူငယ်ချင်းလို ပျော်ဖူးကြသည်။ ချစ်သူတွေလို သံယောဇဉ် ဖြစ်ပြတတ်သည်။ ကျွန်မစိတ်ဆိုးသည့် အခါ သူက ကျွန်မကျေနပ်သည်အထိ ချော့ဖူးသည်။ တစ်ခါတစ်ရံ သူစိတ်ဆိုးကာပြောသည့် စကားများက ကျွန်မကို မျက်ရည်ကျအောင် လုပ်နိုင်ခဲ့သည်။ သို့သော် ကျွန်မမမုန်းနိုင်ခဲ့။

ကျွန်မ မြန်မာပြည်ကို ပြန်ရန်တိုက်တွန်းခဲ့သည်။ ကျွန်မကို သူငိုချင်နေသော်လည်း မငိုဘဲနှင့် ဆုံးမခဲ့ဖူးသည်။ သူအတွက် ကျွန်မအသက်ကိုပင် စွန့်ဝင့်သလို သူကလည်း ကျွန်မနှင့် နည်းတူပင်ဖြစ်သည်။ ကျွန်မတို့ ရန်ကုန်တွင် ပြန်တွေ့သည့်အခါ သူကျွန်မကိုတွေ့တွေ့ချင်း ခုနှစ်ထပ်တိုက် တစ်တိုက်လုံးကြားအောင် အော်သည်အထိ ၀မ်းသာသည်။ ကျွန်မလည်း သူ့ဆီကို ရန်ကုန်ရောက်ရောက်ချင်း အပြေးရောက်အောင်သွားခဲ့သည်။ ကျွန်မနှင့်သူ ကြားထဲက အမှတ်တရများ ပြောလျှင် အခန်းဆက် ဇာတ်လမ်းတစ်ပုဒ် ကောင်းကောင်းရသည်။ သူကို ကျွန်မ ချစ်သူထက်ပိုချစ်သည်။ သူလဲ ထို့အတူပင်ဖြစ်သည်။

ကျွန်မ သူငယ်ချင်းဆိုတာကို ဘာသာပြန်လျှင် ဘုရားပေးသည့်ဆုဟု ဘာသာပြန်တတ်သည်။ စာဖတ်သူ သူငယ်ချင်းလည်း စဉ်းစားကြည့်စေချင်သည် ထိုသို့သော သူငယ်ချင်းမျိုးကိုမှ ဘုရားပေးသည့်ဆုဟု မသတ်မှတ်လျှင် မည်သည့် အရကို သတ်မှတ်ရမည်နည်း။

(ထိုထက်ပိုလွင်အောင် ရေးပြချင်သော်လည်း ကော်နက်ရှင် မကောင်းပါသဖြင့် သည်းခံ ခွင့်လွှတ်ပေးစေခြင် ပါသည်။)

မေသောကြာ

3.6.2011

Myanmar IT Blog

No comments:

Post a Comment